ဒေါ်လာသန်း ၂၉၀ တန် ရန်ကုန်ဆိပ်ကမ်းစီမံကိန်းကို စွန့်လွှတ်မည် ဟု Adani ကုမ္ပဏီကြေညာ


24 June, 2021

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့အရေးယူရမည့် နိုင်ငံတစ်နိုင်ငံ အဖြစ် သတ်မှတ် ပါက မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏ ရန်ကုန်ဆိပ်ကမ်းစီမံကိန်းကို စွန့်လွှတ်ပြီး ရင်းနှီးမြှုပ်နှံမှုများအား အပြည့်အဝ ပြန်လည် ရုပ်သိမ်းမည်ဟု  Adani ဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်လီမိတက်က ယမန်နေ့က တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။

တပ်နှင့် စီးပွားရေးများဆက်လက်လုပ်ကိုင်လျက်ရှိနေသော Adani ဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်လီမိတက်အား တာဝန်သိရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒကို ချိုးဖောက်သည့်အတွက် ၎င်း၏ရှယ်ယာများကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း၊ နော်ဝေပြည်သူ့ပင်စင်ရံပုံငွေ KLP ကကြေညာပြီး နောက်တနေ့တွင် Adani ဆိပ်ကမ်းများကုမ္ပဏီ၏ ယခုကဲ့သို့ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

Adani Ports သည် ကုန်သေတ္တာဆိပ်ကမ်းတစ်ခုကို မြန်မာတပ်ပိုင်မြေပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး၊ ၄င်းဆိပ်ကမ်းကို လက်နက်ခဲယမ်းနဲ့ ပစ္စည်းကိရိယာများတင်သွင်းရန် သို့မဟုတ်ရေတပ်အခြေစိုက်စခန်းတခုအဖြစ် အသုံးပြုရန် သိသာထင်ရှားသောအန္တရာယ်ရှိနေသည့်အတွက် Adani Ports တွင်ရှိသည့် ၄င်းတို့၏ ရင်းနှီးမြှပ်နှံမှု များကို ရုပ်သိမ်းလိုက်ရခြင်းဖြစ်သည် ဟု KLP နော်ဝေပင်စင်ရန်ပုံငွေကုမ္ပဏီ၏ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အိန္ဒိယ၏အကြီးဆုံးဆိပ်ကမ်းအော်ပရေတာဖြစ်သည့်အက်ဒီနီဆိပ်ကမ်းများ (Adani Ports)သည် ရန်ကုန်ရှိ တပ်ပိုင်မြေနေရာပေါ်တွင် ကွန်တိန်နာဆိပ်ကမ်းတစ်ခုတည်ဆောက်မည့်စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံ တကာရင်းနှီးမြှုပ်နှံသူများ၏ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။ 

Adani ဆိပ်ကမ်းများကုမ္ပဏီသည် ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီပွားရေးကော်ပိုရေးရှင်း (MEC) ထံမှ မြေငှားရမ်းကာ ကုန်သေတ္တာဆိပ်ကမ်းတစ်ခု တည်ဆောက်နေခြင်း ဖြစ်သည်။

"ကုမ္ပဏီ(Adani Ports)သည် OFAC (နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး) ၏ပိတ်ဆို့မှုအစီအစဉ်များကို လိုက်နာမှုရှိစေရန်အမေရိကန်အခြေစိုက်အကြံပေးများနှင့်ဆွေးနွေးလျက်ရှိသည်။ 

မြန်မာနိုင်ငံသည် OFAC လက်အောက်ရှိပိတ်ဆို့ အရေးယူခံရသောနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်း သို့မဟုတ် လက်ရှိ အရေးယူ ပိတ်ဆို့မှုများကို ကျွန်ုပ်တို့ ချိုးဖောက်နေသည်ဟု ထင်မြင်ယူဆခံရခြင်းများရှိလာပါက ကုမ္ပဏီအနေဖြင့် စီမံကိန်းကို စွန့်လွှတ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို အပြည့်အဝပြန်လည်ရုပ်သိမ်းသွားမှာဖြစ်သည်”ဟု အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး Adani ဆိပ်ကမ်းကုမ္ပဏီဘက်ယမန်နေ့(ဗုဒ္ဒဟူးနေ့)က ပြောကြားခဲ့သည်။

Adani ဆိပ်ကမ်းများနှင့်အထူးစီးပွားရေးဇုန်၏ရှယ်ယာစျေးနှုန်းများသည်နော်ဝေနိုင်ငံ၏အကြီးဆုံးပင်စင် ရန်ပုံငွေအဖွဲ့ဖြစ်သည့် KLP ကုမ္ပဏီနုတ်ထွက်ပြီး နောက်တစ်နေ့(ဇွန်လ ၂၃ ရက်) တွင် ၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။

လက်ရှိအချိန်တွင် အိန္ဒိယ၏အကြီးဆုံးဆိပ်ကမ်းအော်ပရေတာဖြစ်သည့် Adani ဆိပ်ကမ်းများ(Adani ports) အပါအဝင်နိုင်ငံတကာ ကုမ္ပဏီကြီးများသည် အခြေနေအကြောင်းအမျိုးမျိုးကြောင့် ၄င်းတို့၏ရင်းနှီးမြှပ်နှံမှုများအားပြန်လည်ရုပ်သိမ်းရန် နိုင်ငံတကာ၏ ဖိအားပေးတောင်းဆိုမှုများ နှင့်ရင်ဆိုင် နေရသည်။ 

Adani ဆိပ်ကမ်းများနဲ့ အထူးစီးပွားရေးဇုံလီမိတက်သည် တပ်နဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုကိုရုပ်သိမ်းလိုက်ကြောင်း နော်ဝေး ပင်စင်ရန်ပုံငွေအဖွဲ့ KLP က ကြေညာအပြီး၊ နောက်တနေ့တွင် ယခုကဲ့သို့ Adani ဆိပ်ကမ်းများကုမ္ပဏီ၏ မြန်မာနိုင်ငံရှိ ၄င်းတို့၏ရင်းနှီးမြှပ်နှံမှုများကို ပြန်ရုပ် သိမ်းနိုင်ဖွယ် ရှိကြောင်း ဖော်ပြထားသည့်ကြေညာချက် ထပ်ဆင့်ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

Source Link >> Here <<

Global Read 1279 times