မြိတ်-ထားဝယ်-ရန်ကုန် လမ်းပေါ်ရှိ သမုတ်-လွတ်လွတ်တံတား 


21 December, 2020

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်-ထားဝယ်-ရန်ကုန် ပြည်ထောင်စု ကားလမ်း ပေါ်ရှိ သမုတ်မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သမုတ်-လွတ်လွတ် တံတားကို တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် တံတားချဉ်းကပ်လမ်း တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ တံတားပေါ် အဆင်ပြေ ချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။

 


သမုတ်-လွတ်လွတ်တံတားသည် (၁၂၈၇)ပေရှည်ပြီး  ယာဉ်သွားလမ်း အကျယ် (၂၄)ပေရှိကာ လူသွားလမ်း တစ်ဖက်(၃)ပေစီပါရှိသည့် နှစ်လမ်းသွား တံတား တစ်စင်းဖြစ်၍ ရေလမ်းကင်းလွတ် အကျယ်(၁၆၄)ပေရှိပြီး ရေလမ်းကင်းလွတ် အမြင့်သည် ရေအတက်ဆုံးချိန်၌ (၁၅)ပေရှိကြောင်း၊ အဆိုပါ တံတားကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ရန်ပုံငွေစုစုပေါင်း ကျပ်သန်း(၁၁၈၀၀)ဖြင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
သမုတ်-လွတ်လွတ် တံတားပေါ် ဖြတ်သန်းသွားလာခွင့်ပြုခြင်း ( Soft Opening)  အစီအစဉ်ကို ဒီဇင်ဘာ လ(၂၀)ရက်၊ နံနက်ပိုင်းက အဆိုပါ တံတား တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် တာဝန်ရှိသူများက တံတား ကျောက်စာတိုင်အား အမွေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီး မင်္ဂလာ အချိန် တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၏ မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များ စတင် ဖြတ်သန်း ခွင့်ပြုခဲ့ကြသည်။ 
သမုတ်-လွတ်လွတ်တံတား မတည်ဆောက်မီ ရှောင်ကွင်းလမ်းမှ ဖြတ်သန်း သွားလာရသည့်အတွက် ယာဉ်များ(၂၅)မိုင်ခန့် သွားလာခဲ့ကြရကာ တံတား တည်ဆောက်ပြီးစီးပြီဖြစ်၍ အဆင်ပြေချောမွေ့စွာ ဖြတ်သန်း အသုံးပြုနိုင်ပြီ ဖြစ်သဖြင့် ခရီးမိုင်နှင့် ယာဉ်မောင်း ချိန်(၄၅)မိနစ်ခန့် သက်သာသွားမည်ဖြစ်ကြောင်း သိရသည်။ 
MDN

 

 

 

 

Infrastructure and Zones Read 462 times