မြန်မာနိုင်ငံတွင် အရှည်ဆုံး ရထားလမ်းပိုင်း မူဆယ်-လားရှိုး-မန္တလေး ရထားလမ်းသစ်စီမံကိန်း


02 September, 2019


မြန်မာနိုင်ငံတွင် အရှည်ဆုံးရထားလမ်းပိုင်းတစ်ခု ဖြစ်လာမည့် မူဆယ်-လားရှိုး-မန္တလေး ရထားလမ်းသစ် စီမံကိန်းတွင် ရထားလမ်းအရှည် ၂၆၇ မိုင်၊ ဥမင်ပေါင်း ၆၀ ပါဝင်မည်ဖြစ်ပြီး တစ်နာရီ မိုင် ၁၀၀ နှုန်း လျှပ်စစ်ရထားများဖြင့် ပြေးဆွဲရန် စီစဉ်ထားကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

“မူဆယ်-လားရှိုး-မန္တလေး ရထားလမ်းသစ် စီမံကိန်းမှာ ရထားလမ်းအရှည် ၂၆၇ မိုင်၊ ဥမင်ပေါင်း ၆၀ ပါဝင်မှာဖြစ်ပြီး တစ်နာရီ မိုင် ၁၀၀ နှုန်း လျှပ်စစ်ရထားပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ အခုစီမံကိန်းအတွက် လေ့လာမှုတွေ ပြုလုပ်ပြီးဖြစ်လို့ Third Party က EIA, SIA ဆန်းစစ်မှုတွေ နဲ့ ပြည်သူလူထုကို အသိပေးရှင်းလင်း တင်ပြခြင်းတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ အထွေထွေ မန်နေဂျာ (အထက်မြန်မာပြည်) ဦးမျိုးဝင်းက The Daily Eleven သတင်းစာသို့ ဇွန် ၂၆ ရက်က ပြောကြားသည်။

မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းအတွက် (CREC) ၏ ဖြစ်မြောက်နိုင်ခြေ လေ့လာမှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုထံသို့ အသိပေး ရှင်းလင်းမှုများကို မြန်မာ့မီးရထားမှ ဇွန် ၂၅ ရက် မှ စတင်ကာ ဇူလိုင် ၂ ရက်အထိ မန္တလေးမှ မူဆယ်ထိ လမ်းတစ်လျှောက်ရှိ မြို့ကြီးများဖြစ်သော မန္တလေး၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္ဒီနှင့် မူဆယ်မြို့များတွင် ပြုလုပ်သွားမည်ဖြစ်သည်။

မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းအတွက် (CREC) ၏ ကုန်ကျစရိတ်ကျခံမှုဖြင့် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု ဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ China Railway Eryuan Engineering Group တို့သည် မူဆယ်-မန္တလေး ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းသစ်အား ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် Memorandum of Understanding on Feasibility Study For Muse-Mandalay Railway Project အား MoU လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်နိုင်ခြေ လေ့လာမှုတွင် GPS ဖြင့်တိုင်းတာခြင်း၊ Total Station ကိရိယာဖြင့် တိုင်းတာခြင်း၊ ရေမြေကျောက်နမူနာယူခြင်း၊ Soil Test ပြုလုပ်ခြင်းများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် လေ့လာမှု ပြုလုပ်ခြင်းများ ပြီးဆုံးခဲ့ပြီဖြစ်ပြီး EIA, SIA ဆန်းစစ်မှု၊ ပြည်သူလူထုသို့ အသိပေး ပြောကြားမှုများကို ပြုလုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အရှည်ဆုံး ရထားလမ်းပိုင်းတစ်ခု ဖြစ်လာမည့် မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းအတွက် China Railway Group Limited (CREC) မှ မြေနေရာ ကွင်းဆင်းစစ်ဆေး လေ့လာမှုများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး မေလတွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်မည့် မန္တလေး-မူဆယ် ရထားလမ်းသည် လမ်းခရီး အရှည်ဆုံး ရထားလမ်းကြောင်း တစ်ခုဖြစ်ပြီး ရန်ကုန်-မန္တလေး ကားလမ်း ခရီးစဉ်ထက် နှစ်ဆပိုမို မြန်ဆန်ကာ မူဆယ်-မန္တလေး ရထားခရီးစဉ်အချိန် သုံးနာရီခန့်သာ ကြာမြင့်မည်ဟု သိရသည်။

အဆိုပါ မူဆယ်-မန္တလေး ရထားလမ်းသစ်သည် ၄၃၁ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး ကုန်နှင့် ခရီးသည်တင်ရန် ဘူတာ ခုနစ်နေရာ၊ ခရီးသည်တင်မည့် ဘူတာငါးနေရာ၊ လမ်းခွဲ ၂၄ နေရာရှိမည် ဖြစ်ကြောင်း၊ တစ်နာရီ ၁၆၀ ကီလိုမီတာ ၉၉ မိုင် မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Region Read 114 times