Country Garden ဥက္ကဋ္ဌ ယန်းဟွေးယံ အလှူအပေါ် ထင်မြင်ချက် 


21 August, 2023

Country Garden ဥက္ကဋ္ဌ ယန်းဟွေးယံ အလှူအပေါ် ထင်မြင်ချက် 

 


တရုတ်ပြည်မှ အကြီးဆုံး အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းကြီး Country Garden ပြိုလဲမည့်အရေးကို တွန်းလှန်ရန် ယန်းဟွေးယံ  ကြိုးပမ်းနေစဉ် မကင်းရာမကင်းကြောင်း ဖောင်ဒေးရှင်း တစ်ခုထံ လှူဒါန်းခြင်းအပေါ် ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသည်။

 

 Country Garden ဥက္ကဋ္ဌ Yang Huiyan 

တရုတ်ပြည်မှ အကြီးဆုံး အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းကြီး Country Garden ဥက္ကဋ္ဌနှင့် ရှယ်ယာအများစု ပိုင်ဆိုင်ထားသူ ယန်းဟွေးယံ Yang Huiyan သည် တရုတ်နိုင်ငံ အိမ်ရာတိုက်တာဖွံ့ဖြိုးရေးကဏ္ဍ စန်းထနေစဉ် ၂၀၂၁ ခုနှစ်တွင် အာရှ၏ အချမ်းသာဆုံး အမျိုးသမီး ဖြစ်ခဲ့ဖူးသည်။ တရုတ်နိုင်ငံ၏အကြီးဆုံးအိမ်ခြံမြေလုပ်ငန်း Country Garden ၏ရှယ်ယာအများစုပိုင်ဆိုင်သူအဖြစ် သူမ၏ အသားတင်တန်ဖိုးသည် ကန်ဒေါ်လာဘီလီယံ ၃၀ ခန့် ရှိခဲ့သည်။
နှစ်နှစ်ကြာသောအခါ သူမ၏ ချမ်းသာကြွယ်ဝမှု အများစု ဆုံးရှုံးသွားခဲ့သည်။


အာရှအချမ်းသာဆုံး အမျိုးသမီး လုပ်ငန်းရှင် ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရ
https://www.buildersguide.com.mm/article/-asia-richest-woman.html


 

တရုတ်ပြည်၏ အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြိုလဲကုန်ကြသည့် ယခုကာလတွင် Country Garden သည်လည်း ငွေမလည်တော့သည့် အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ဝန်းကျင်က သူမ၏ ဖခင် ထူထောင်ခဲ့သော Country Garden လဲပြိုတော့မည့် အရေးကို ရင်ဆိုင်နေရသည်။

ကုမ္ပဏီ၏ရှယ်ယာများသည် ပြီးခဲ့သော ဇူလိုင်လတစ်လတည်းတွင်ပင် တန်ဖိုးထက်ဝက်နီးပါး ဈေးကျသွားခဲ့သည်။

ဩဂုတ်လအစောပိုင်းတွင် ပေးဆပ်စရာ ရှိသည့် နိုင်ငံတကာကြွေးမြီများကို မပေးနိုင်ခဲ့ချေ။
ပြည်တွင်းတွင်လည်း ကုမ္ပဏီမှ ထုတ်ဝေရောင်းချထားသော ငွေချေးစာချုပ်များ အရောင်းအဝယ် ရပ်ထားလိုက်ရသည်။
နဂိုကတည်းက ပူလောင်နေသော တရုတ်ပြည် အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေးကဏ္ဍတွင် အပူတစ်ခု ထပ်တိုးသွားသည်။

Country Garden တွင် ယခုအခါ ပေးဆပ်ရန် တာဝန်များ ကန်ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါး ရှိနေသည်။
 

 Country Garden ထူထောင်သူ  Yang Guoqiang 

 

ယန်းဟွေးယံကို ၁၉၈၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ နောက် ၁၀ နှစ်အကြာတွင်  သူမ၏ဖခင် Yang Guoqiang သည် တောင်ပိုင်း Guangdong ပြည်နယ်တွင် Country Garden ကို တည်ထောင်ခဲ့သည်။
ဆယ်ကျော်သက်အရွယ်တွင် သူမသည် ကုမ္ပဏီအစည်းအဝေးများကို မကြာခဏ တက်လေ့ရှိသည်။ ထို့နောက် အမေရိကန်မှ Ohio State University မှာ ပညာသင်ကြားခဲ့သည်။

Country Garden ကို ၂၀၀၇ ခုနှစ်တွင် ဟောင်ကောင် စတော့အိပ်ချိန်းမှာ စာရင်းသွင်းသောအခါ သူမ၏ဖခင်သည် ၎င်းပိုင်ဆိုင်သည့် ရှယ်ယာအများစုကို သူမထံ လွှဲပြောင်းပေးခဲ့ရာ သူမသည် တရုတ်နိုင်ငံတွင် အချမ်းသာဆုံးအမျိုးသမီး အဖြစ်သို့ နေ့ချင်းညချင်း ရောက်ရှိသွားခဲ့သည်။

Country Garden ဆက်လက်ကြီးထွားလာခဲ့ရာ တရုတ်ပြည်၏ အကြီးမားဆုံး အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေးကုမ္ပဏီ အဖြစ်သို့ ရောက်ရှိလာသည်။ နိုင်ငံတဝှမ်း ဆောက်လုပ်ရေး စီမံကိန်းများ ထောင်ချီသော အရေအတွက်ဖြင့် လုပ်ကိုင်သည်။ 

ခပ်လျှိုလျှိုနေတတ်သူ ယန်းသည် ယခုနှစ် ၂၀၂၃ ခုနှစ် မတ်လတွင် Country Garden ၏ ဉက္ကဋ္ဌ ဖြစ်လာသည်။ 
ထိုအချိန်တွင် တရုတ်နိုင်ငံ၏ အိမ်ခြံမြေအကျပ်အတည်းသည် ၁၈ လကြာ‌ေနပြီ ဖြစ်ပြီးပြင်းထန်နေချိန်ဖြစ်သည်။ 
၂၀၂၁ တွင် အတိုး ပေးဖို့၊ အရင်း ကြွေးဆပ်ဖို့ ပျက်ကွက်သည့် အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေးကုမ္ပဏီစုကြီး China Evergrande သည် ကမ္ဘာ့ကြွေးမြီအများဆုံး ကုမ္ပဏီအဖြစ်သို့ ရောက်ရှိနေသည်။

မတ်လတွင် ကျင်းပသည့် ကုမ္ပဏီအစည်းအဝေး၌ သူမသည် Country Garden ကို မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် ခံယူချက်များကို ဖယ်ရှားရန် ကြိုးစားခဲ့သည်။ ကုမ္ပဏီသည် လူ့အဖွဲ့အစည်းမှ  အရည်အချင်း ရှိသူများအပေါ် အားပြုရမည်ဖြစ်ကြောင်းကို သူမ အမေရိကန်မှ ပြန်လာပြီးနောက် သူမ၏ ဖခင်နှင့် ဆွေးနွေးခဲ့ကြပုံကို ပြန်ပြောင်းပြောပြခဲ့သည်။

Guangdong ပြည်နယ် Foshan မြို့မှ Country Garden ရုံးချုပ်တွင် ဖခင်ဖြစ်သူ ဥက္ကဋ္ဌဟောင်း  Yang Guoqiang နှင့် သမီးဖြစ်သူ လက်ရှိဥက္ကဋ္ဌ  Yang Huiyan တို့သည် Maybach ကား ကိုယ်စီဖြင့် ရုံးတက် ရုံးဆင်း ပြုကြသည်။ ၎င်း Maybach ကားနှစ်စီးကို ရုံးချုပ် အဆောက်အအုံအပြင်ဘက်တွင် ရပ်ထားသည်ကို တွေ့ရလျှင် သူတို့ ရုံးချုပ်မှာ ရှိနေကြသည်ဟု သိနိုင်သည်။


ယန်းဟွေးယံ သည်  တိုက်ခန်းအဆောက်အအုံများကို စီမံခန့်ခွဲခြင်းမှ ဝင်ငွေရရှိသည့် သီးခြားလုပ်ငန်းဖြစ်သည့် Country Garden Services တွင်လည်း ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်သည်။
ဇူလိုင်လတွင် Country Garden က အမြတ်မရနိုင်ကြောင်း အစုရှယ်ယာပိုင်ရှင်များကို တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး အသိပေးခဲ့သည်။ ထိုနေ့မှာပင် ယန်းက Country Garden Services ကုမ္ပဏီရှယ်ယာ ၂၀% ကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ပရဟိတ အဖွဲ့အစည်းတစ်ခုထံ လှူဒါန်းခဲ့သည်။ ၎င်း ပရဟိတ ဖောင်ဒေးရှင်းသည် ယန်း၏ ညီမငယ် Yang Ziying က ထူထောင်ထားခြင်း ဖြစ်သည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် တရုတ်ပြည်မကြီးရှိ ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေး မြှင့်တင်ရေးတို့ အပါအဝင် ပရဟိတ ရည်ရွယ်ချက်များအတွက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သို့သော် အခြားအဓိပ္ပာယ် ရှိနေနိုင်သည်ဟု ျလ့လာဆန်းစစ်သူ အချို့က သုံးသပ်သည်။
        
ငွေချေးစာချုပ်များအတွက် ပေးချေစရာ ရှိသည်များကို ငွေမလည်သဖြင့် မပေးနိုင်ကြောင်း မကြေညာခင် တစ်ပတ်အလိုတွင် လှူဒါန်းခြင်း ဖြစ်နေသည့်အတွက် အကွက်ရွှေ့လိုက်ခြင်းဟု ယူဆကြသည်။ 
ငွေချေးစာချုပ်များတွင် ရင်းနှီးမြှုပ်နှံသူများသည် Country Garden ထံမှ ရစရာရှိသည်များကို မရသည့်အတွက် ကုမ္ပဏ‌ီရှယ်ယာများကို ရန်ရှာလာခဲ့သော် ဘေးကင်းစေရန် ညီမဖြစ်သူ ထူထောင်ထားသည့် ပရဟိတ ဖောင်ဒေးရှင်းထံ ပေးအပ်ထားလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။

တရုတ်အိမ်ရာတိုက်တာ ဖွံ့ဖြိးရေး လုပ်ငန်းကြီးများသည် ကြွေးမြီကိစ္စအဝဝကို ကုမ္ပဏီ၏ ဝန်ဆောင်မှု လက်တံများက အရေးပါသည့်နေရာမှ ပါဝင်ပြီး ရင်ဆိုင်ဖြေရှင်းပေးသည့် ထုံးတမ်းစဉ်လာ ရှိသည်။ 
နယူးယောက်တွင် ဒေဝါလီခံလိုက်သော China Evergrande သည် ကြွေးမြီကိစ္စအဝဝကို ၎င်း၏ ဝန်ဆောင်မှုလုပ်ငန်းများက ရင်ဆိုင်ဖြေရှင်းသည်။


 China Evergrande က  အမေရိကန်တရားရုံးတွင် အကာအကွယ်ပေးရန် ဦးတိုက်လျှောက်ထား
https://www.buildersguide.com.mm/article/-china-evergrande-us-protection.html


 

Global Read 321 times