အဝယ်စောလို့ ရင်မောနေရသူများ


19 August, 2021

မလေးရှားနိုင်ငံမှာ ရောင်းမထွက်သေးတဲ့ အိမ်ရာတိုက်ခန်းတွေ စုစုပေါင်းလိုက်ရင် မတ်လကုန်မှာ တန်ဖိုး ရင်းဂစ် ၃၈ ဒသမ ၆ ဘီလျံ ရှိခဲ့တယ်လို့ National Property Information Centre က ဆိုပါတယ်။ 

လူတိုင်းက ရောင်းရတာကို ကြိုက်ကြတယ်။ ပိုင်ဆိုင်မှုက ဈေးနှုန်းထက်ဝက်ပဲ ဆိုရင်တောင် လိုလားကြတယ်။ 
အဲဒီတော့ အစောပိုင်းမှာ ဝယ်ထားတဲ့ သူတွေ၊ ရင်းနှီးမြှုပ်နှံမှုပြုထားတဲ့သူတွေ ပက်လက်လန်ကုန်တယ်။ အဲဒီအုပ်စုနှစ်ခုကတော့ ထက်ဝက်ဈေးနဲ့ ရောင်းထုတ်နေလို့ ရင်မောနေကြတယ်။ ဒေါသထွက်ကုန်တဲ့သူတွေလည်း ရှိတယ်။ 
အိမ်ရာတိုက်ခန်း ဝယ်ဖို့အတွက် မေးကြတဲ့ မေးခွန်းတွေ ရှိတယ်။ ဝယ်ရမယ့် အချိန်အခါကို ရောက်ပြီလား။ ရင်းနှီးမြှုပ်နှံဖို့ စိတ်ချရမှာလား။ အမှောင်ကျပြီးရင် အလင်းပြန်လာမှာလား။ 

ဈေးနှုန်းတွေက ထပ်ကျကြဦးမှာလားဆိုတဲ့ မေးခွန်းကတော့ တိုက်ခန်းတည်နေရာ၊ ပိုင်ဆိုင်မှု အမျိုးအစားနဲ့ အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီရဲ့ နောက်ကြောင်းရာဇဝင်တို့အပေါ်မှာ မူတည်တယ်လို့ မလေးရှားနိုင်ငံ ဂျိုဟိုးအခြေစိုက် KGV International Property Consultants က ဆိုတယ်။ 

ဆောက်လုပ်ပြီးစီးတဲ့ တိုက်ခန်းဖြစ်ပြီး လူနေထိုင်ခွင့် အမိန့်ကျပြီးသား တိုက်ခန်းဖြစ်ပေမဲ့ ရောင်းမထွက်သေးတာ အနည်းဆုံး ၉ လ ရှိခဲ့ပြီဖြစ်တဲ့ တိုက်ခန်းမျိုးကို overhang တိုက်ခန်းလို့ မလေးရှားမှာ သတ်မှတ်ချက် ပြုထားတယ်။  overhang တိုက်ခန်းမျိုးဆိုရင် ဈေးလျှော့ပေးတာ ပိုကြမ်းတယ်လို့ ဆိုတယ်။ 

တရုတ် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း  Country Garden Pacificview Sdn Bhd က ဂျိုဟိုးဘာရူမြို့မှာ ၎င်းဆောက်လုပ်ခဲ့တဲ့ Danga Bay အမည်ရှိ အိမ်ရာစီမံကိန်းမှ တိုက်ခန်းတွေ ရောင်းချဖို့ ကြော်ငြာတာ ၆ လ တာအတွင်း လျှော့ဈေး ၅၀% ပေးမည်လို့ ကမ်းလှမ်းတယ်။ အစောပိုင်းက ဝယ်ထားပြီးသား အခန်းရှင်တွေ ဒေါသထွက်ကုန်ကြတယ်။ အခုမှ ဝယ်မယ့်သူတွေအဖို့တော့ ကျေနပ်စရာ ဖြစ်နေတယ်။ 

စင်ကာပူမှ လှမ်းဝယ်တဲ့ ဟာဆန်(အမည်လွှဲ)က အိပ်ခန်း သုံးခန်းပါ တိုက်ခန်းတစ်ခန်းကို ၂၀၁၅ ခုနှစ်မှာ မူလဈေး ရင်းဂစ် ၁ ဒသမ ၈၂ သန်းဖြင့် ဝယ်ယူခဲ့တယ်။ အခု ထက်ဝက်ဈေးလျှော့ချပေးမယ်ဆိုတော့ တုန်လှုပ်သွားတယ်။ စိတ်ညစ်သွားတယ်။ နေရင်းထိုင်းရင်း သူဝယ်ထားတဲ့ တိုက်ခန်းက ရင်းဂစ် ၉၀၀,၀၀၀ ပဲ တန်ကြေးရှိတော့တယ်။ 
“ဈေးချပစ်တာ များလွန်းတယ်။ တိုက်ခန်းတွေ ဈေးကျတာ ကျွန်တော် လက်ခံနိုင်တယ်။ ကိုဗစ်ကြောင့် တိုက်ခန်းတွေအားလုံး ဈေးကျနေကြတယ်။ ဒါပေမဲ့ အခုဟာက များလွန်းနေတယ်” လို့ သူက ပြောတယ်။ ဂျိုဟိုးဘာရူမြို့က စင်ကာပူနယ်စပ်မှာ တည်ရှိတဲ့မြို့ဆိုတော့ အားလပ်ရက်တွေမှာ သူသွားနေလေ့ရှိတဲ့ တိုက်ခန်း ဖြစ်ပါတယ်။ 

ကွာလာလမ်ပူမြို့တော် ဘူကစ်ကီရာမှာ တည်ရှိတဲ့ National Science Centre အနီးမှာ တည်ရှိတဲ့ ရောင်းမထွက်သေးတဲ့တိုက်ခန်းတွေကိုလည်း ဈေးထက်ဝက်လျှော့ချပြီး ကမ်းလှမ်းနေတယ်။ မူရင်းဈေးနှုန်းက ရင်းဂစ် ၄ ဒသမ ၅ သန်း ဖြစ်ပြီး အခုလို ဈေးထက်ဝက်ချပေးသော်လည်း ဘယ်တော့မှ ရောင်းထွက်မှာလဲဆိုတာ မသေချာဘူး။ 

မလေးရှား အိမ်ရာကဏ္ဍာမှာ ဆောက်လုပ်ပြီးစီး၊ လူနေထိုင်ခွင့် အမိန့်လည်း ကျပြီးသား လူမနေရသေးတဲ့ တိုက်ခန်း အသစ်ကျပ်ချွတ်တွေကို ၅၀% အထိ ဈေးချပစ်တာ ယခု ပထမဆုံးအကြိမ် ကြုံရခြင်း ဖြစ်ပါတယ်။ 

Country Garden Pacificview အတွက် အရောင်းကိုယ်စားလှည် ရထားသူ သုံးဦးက အခန်း ၁,၀၀၀ လောက် ရောင်းထွက်ဖို့ ကျန်နေဆဲဖြစ်ပြီး အမြန်ဆုံး ရောင်းထုတ်လုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 
အရောင်းမြှင့်တင်ရေးကို နှစ်ပတ်တိုင်တိုင် ပြုလုပ်ခဲ့တာမှာ တိုက်ခန်း ၁၀၀ ခန့် ရောင်းထွက်သွားတယ်။ တစ်ဝက်လောက်ကို မလေးရှားနိုင်ငံသားတွေ ဝယ်ယူခဲ့တာ ဖြစ်ပြီး ကျန်တစ်ဝက်သာသာကိုတော့ စင်ကာပူနိုင်ငံသားတွေက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ကျန်ရှိနေသေးတဲ့ တိုက်ခန်းတွေကို လာမယ့် လအနည်းငယ်အတွင်းမှာ အရောင်းမြှင့်တင်ရေး ထပ်လုပ်ဦးမယ်လို ကုမ္ပဏီက အသိပေးထားပါတယ်။ 

လူတန်းစား အလွှာအသီးသီးမှာ ကိုဗစ်ဒဏ်ကြောင့် အလုပ်လက်မဲ့ များလာတာကြောင့်လည်း တိုက်ခန်းတွေ ရောင်းအားကျတယ်။ ဝယ်မလား ငှားနေမလား ရွေးချယ်မှုမှာ ငှားနေဖို့ပဲ ဆုံးဖြတ်ရွေးချယ်သူတွေ များနေတယ်။ ကိုဗစ်က ဘယ်တော့မှ ပွဲပြီးမှာလဲဆိုတာ ဘယ်သူမှ တပ်အပ်သေချာ မခန့်မှန်းနိုင်ဘူး။ 

မလေးရှားမှာ အိမ်ရာပိုင်ဆိုင်မှုတွေမှာ ဈေးကျသွားတယ်ဆိုတာ မရှိဘူး။ ကြာတာနဲ့အမျှ ဈေးက ပိုတက်သွားတယ်လို့သာ မှတ်ယူထားခဲ့ကြတယ်။ အခုတော့ အဲဒီလို စိတ်ချထားတာ မှေးမှိန်သွားပြီ ဖြစ်ပါတယ်။ 

freemalaysiatoday.com

Global Read 403 times