Ashton Asoke အတွက် ဥပဒေကြောင်းအရ ပုဒ်မ ၃ ခု ကျင့်သုံးရန် အာဏာပိုင်တို့က ပြောကြား


01 August, 2023

Ashton Asoke အတွက် ဥပဒေကြောင်းအရ ပုဒ်မ ၃ ခု ကျင့်သုံးရန် အာဏာပိုင်တို့က ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Ashton Asoke ကွန်ဒိုမီနီယံအတွက် တရားရေးဆိုင်ရာ  ဆုံးဖြတ်ချက်သည် သက်ဆိုင်ရာဥပဒေမှ သက်ဆိုင်သည့် ပုဒ်မသုံးခုကိုသာ ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဘန်ကောက် မြို့ပြ ဦးစီးဌာန Bangkok Metropolitan Administration (BMA) မှ  ပြောကြားသည်။ 

ဘန်ကောက်ဒုတိယအုပ်ချုပ်ရေးမှူး Wisanu Subsompon က ၁၉၇၉ ခုနှစ် အဆောက်အဦများ ထိန်းချုပ်ရေး အက်ဥပဒေ Buildings Control Act 1979 ပုဒ်မ ၄၀၊ ၄၁ နှင့် ၄၂ တို့ကို ကောက်နုတ်တင်ပြခဲ့သည်။ ၎င်းပုဒ်မ ၃ ခုဖြင့် Ashton Asoke ကွန်ဒိုမီနီယံ ပြဿနာအတွက် ကျင့်သုံးရမည်ဟု ၎င်းက ပြောကြားသည်။

Watthana ခရိုင်ရှိ ဘတ် ၆ ဘီလီယံတန် ကွန်ဒိုအဆောက်အဦအား အပြီးသတ်ဆောက်လုပ်ခွင့်ပြုထားသည့် Ashton Asoke ၏ ဆောက်လုပ်ခွင့်ပါမစ်ကို ပြီးခဲ့သည့်ကြာသပတေးနေ့ (ဇူလိုင် ၂၇)တွင် ဗဟိုအုပ်ချုပ်ရေးတရားရုံးက အပြီးအပြတ် ပျက်ပြယ်ခဲ့သဖြင့် Ashton Asoke ကွန်ဒိုသည် ဖြိုဖျက်ခြင်းခံရမည့်ကိန်း ဆိုက်ရောက်သွားသည်။ 

ပုဒ်မ ၄၀ သည် အက်ဥပဒေချိုးဖောက်မှုဖြင့် ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ဖြိုဖျက်ခြင်း သို့မဟုတ် ပြောင်းရွှေ့ထားသော အဆောက်အဦကို အသုံးပြုခြင်းမှ ရပ်ဆိုင်းရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား ခွင့်ပြုထားသည်။  ၎င်းအဆောက်အဦကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုမှုကို တားမြစ်ပိုင်ခွင့်လည်း အပ်နှင်းထားသည်။ 

ပုဒ်မ ၄၁ သည်  ပုဒ်မ ၄၀ ကို ရုပ်သိမ်းရန်အတွက် ၎င်းအဆောက်အဦပိုင်ရှင်သည် တိတိကျကျ သတ်မှတ်ထားသော သတ်မှတ်ရက်အတွင်း လိုအပ်သော ခွင့်ပြုမိန့်ရရှိရန် အဆင့်ဆင့် လုပ်ဆောင်ခွင့် ရှိသည်။ အက်ဥပဒေအတွင်း ဘောင်ဝင်အောင် လုပ်ဆောင်ခွင့် ရှိသည်။ 

Mr Wisanu က ပြောကြားသည်မှာ အထက်တန်းစား ကွန်ဒို Ashton Asoke စီမံကိန်းသည်  BMA ထံမှ ဆောက်လုပ်ရေး ပါမစ် ရရှိရန် ပြန်လည်လျှောက်ထားနိုင်သည်။ ဝင်ပေါက်ပြဿနာကို ကိုင်တွယ်ဖြေရှင်းမည့် အစီအစဉ်ကို ရှင်းရှင်းလင်း တင်ပြနိုင်ရမည် ဖြစ်သည်။ 

ဝင်ပေါက်သည် အကျယ် အနည်းဆုံး ၁၂ မီတာ ရှိရမည်ဖြစ်သည့်အပြင် အနည်းဆုံး အကျယ် ၁၈ မီတာ ရှိသည့် အများသုံးလမ်းမနှင့် ချိတ်ဆက်နေရမည် ဆိုသည့်အချက်ကို ဖြေရှင်းပေးထားသည့် အခြေအနေကို တင်ပြနိုင်ရမည့် ဖြစ်သည်။ ထို့ကိစ္စရပ် စီစဉ်ဆောင်ရွက်ရန်အတွက် Ashton Asoke စီမံကိန်း ပိုင်ရှင်ကို BMA  က အတိုင်းအတာတစ်ခုအထိ အချိန်ပေးမည် ဖြစ်သည်။

Ashton Asoke ၏ အဓိကဝင်ပေါက်သည် Asoke Road နှင့် ချိတ်ဆက်ထားသည်။ သို့သော် ထိုသို့ ချိတ်ဆက်ထားသည့် ဧရိယာတွင် တစ်စိတ်တစ်ပိုင်းမှာ  Mass Rapid Transit Authority of Thailand (MRTA) က ပိုင်ဆိုင်သည့် မြေဧရိယာ ဖြစ်နေသည်။  MRTA က ယခုအခါ ၎င်းမြေဧရိယာတွင် မြေအောက်ရထားဘူတာရုံအတွက် ဝင်ပေါက် ဆောက်လုပ်တော့မည့် အစီအစဉ် ရှိနေသည်။ ထိုသို့ ဆောက်လုပ်လိုက်သည့်အခါ Ashton Asoke ၏ အဓိကဝင်ပေါက်သည် သတ်မှတ်ထားသည့် အကျယ်ဖြင့် Asoke Road ကို ချိတ်ဆက်ထားတော့မည် မဟုတ်ချေ။ 
သို့ဖြစ်ရာ MRTA နေရာကို Ashton Asoke ၏ မြေအဖြစ် အပိုင်တွက်၍ မရနိုင်ပါ။ ၎င်းမြေနေရာကို ဖယ်ပြီး တွက်ရမည် ဖြစ်သည်။ ထိုအခါ ဝင်ပေါက်သည် အနည်းဆုံး ၁၂ မီတာ ကျယ်ရမည်ဆိုသည့်အချက်ကို လိုက်နာထားခြင်း ရှိတော့မည် မဟုတ်ချေ။

အကယ်၍  Ashton Asoke စီမံကိန်း ပိုင်ရှင် ပုဒ်မ ၄၁ အရ ဆောက်လုပ်ရေးလိုင်စင် ရရှိအောင် မဆောင်ရွက်ပါက ပုဒ်မ ၄၂ အရ အရေးယူဆောင်ရွက်ရတော့မည် ဖြစ်သည်ဟု Mr Wisanu က တနင်္လာနေ့ (ဇူလိုင် ၃၁) တွင် ပြောကြားသည်။ 
၎င်းပုဒ်မတွင် စီမံကိန်း ပိုင်ရှင် ပုဒ်မ ၄၁ ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက အာဏာပိုင်တို့က အဆောက်အဦ တစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ဖြိုဖျက်ရန် အမိန့်ပေးနိုင်သည်။ 
ယခုအခါ ခရိုင်ရုံးက Ashton Asoke စီမံကိန်းပိုင်ရှင်ထံ ဥပဒေနှင့် အညီ ပုဒ်မ ၄၁ ကို လိုက်နာရန် နို့တစ်ပေးပို့ထားသည်။ 
Mr Wisanu က အကယ်၍ ပုဒ်မ ၄၁ ပျက်ကွက်ပါက BMA သည်  ပုဒ်မ ၄၀ ဖြင့် ကွန်ဒိုတွင် နေထိုင်လျက် ရှိသူများကို ကွန်ဒို အသုံးပြုခွင့် တားမြစ်ပြီး ဖယ်ရှားမည်။ ထို့နောက် ပုဒ်မ ၄၂ ကို ဆက်လက်ကျင့်သုံးဖို့သာ ရှိမည်ဟု ပြောကြားသည်။ 


ဘတ် ၆ ဘီလီယံ ကွန်ဒို စီမံကိန်း Ashton Asoke 
https://www.buildersguide.com.mm/article/-ashton-asoke-resubmit.html


 

Source Bangkokpost

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 249 times