ဒေါ်လာ ၂၈ သန်းတန် မိုးထိတိုက်ခန်း ဝယ်ယူခြင်း အခွန်ရှောင်ကွက်များ


24 September, 2021

ဘီလျံနာတစ်ဦးက ဒေါ်လာ ၂၈ သန်းဖြင့် မိုးထိတိုက်ခန်း penthouse တစ်ခုကို ဝယ်ယူနိုင်သည်မှာ အဆန်းမဟုတ်ပေ။ သို့သော် ဝယ်ယူတဲ့ ဘီလျံနာက မင်းသမီး Vicki Zhao ရဲ့ ခင်ပွန်း Huang Youlong ( Huang You Long) ဖြစ်နေပြီး ဝယ်ယူတဲ့နေရာက စင်ကာပူရဲ့ အထင်ကရ နေရာ ဖြစ်နေတဲ့အပြင် ဝယ်ယူလိုက်တဲ့အချိန်အခါက Covid-19 လော့ဒေါင်း ချထားတဲ့အချိန် ဖြစ်နေလို့ လူအများ စိတ်ဝင်စားမှု ရေချိန် မြင့်တက်ခဲ့တယ်။ 

Ardmore Park  ကွန်ဒိုမီနိယံ အဆောက်အဦရဲ့  ၂၉ ထပ် မှာတည်ရှိပြီး ဧရိယာ ၈,၇၄၀ စတုရန်းပေ ရှိပါတယ်။ အိပ်ခန်း ၅ ခန်း ပါတယ်။ အဆောက်အဦကို ၁၉၉၀ ပြည့်နှစ်အလွန်မှာ တည်ဆောက်ခဲ့ပါတယ်။ စင်ကာပူရဲ့ အချက်အချာနေရာတစ်ခုမှာ တည်ရှိပြီး မြေ ၈ ဧကပေါ်မှာ တည်ဆောက်ထားပါတယ်။ ၆ ခု ဆောက်လုပ်ခဲ့တဲ့အနက် Huang ရဲ့ penthouse  က တစ်ခု ဖြစ်ပါတယ်။ 

 

အခန်းဖွဲ့စည်းပုံ

 

Zhao Wei ကို Vicky Zhao ဟုလည်းကောင်း Vicki Zhao ဟုလည်းကောင်း သိကြပြီး တရုတ်မင်းသမီး၊ စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ပေါ့ပ်သီချင်းသီဆိုသူ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ မင်းသမီးဖြစ်ပြီး တရုတ်စကားပြောတဲ့ ပရိသတ်အကြားမှာလည်း လူကြိုက်များပါတယ်။ သရုပ်ဆောင်ခ အမြင့်မားဆုံး ရရှိတဲ့သူတွေထဲမှာ ပါဝင်တယ်။ 
Zhao Wei  ရဲ့ ခင်ပွန်း ဘီလျံနာ Huang Youlong က ၂၀၂၀ ခုနှစ် ဧပြီလမှာ  Ardmore Park မိုးထိတိုက်ခန်း အကြီးစားကို ဝယ်ယူခဲ့ပါတယ်။ ကိုဗစ်ကပ်ဆိုက်နေချိန် အရောင်းအဝယ် ဖြစ်သွားလို့ အံ့အားသင့်ကြတယ်။ အဲဒီအရောင်းအဝယ်မှာ နောက်ထပ် အံ့အားသင့်စရာတွေ ရှိနေပါတယ်။ 
သူတို့လင်မယားနှစ်ယောက်စလုံးက တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူတွေ ဖြစ်ပြီး စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်  Permanent Resident (PR) ရထားသူတွေလည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ သူတို့ စင်ကာပူမှာ ထိမ်းမြားလက်ထပ်ခဲ့ကြတယ်။ 

 

 

အဲဒီအချိန်မှာ  Huang  က ကုမ္ပဏီဒါရိုက်တာ ဖြစ်ပြီး Zhao က ရုပ်ရှင်မှာ စန်းထနေတဲ့အချိန် ဖြစ်ပါတယ်။ သူတို့ လင်မယားက အလီဘာဘာရဲ့ Jack Ma နဲ့ ၂၀၁၄ ခုနှစ်မှာ စီးပွားရေး လုပ်ကိုင်ပြီး စီးပွားတက်ခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ်မှာ အသက် ၄၄ နှစ်ရှိသူ Huang  နဲ့ ၄၃ နှစ်ရှိသူ  Zhao တို့ အမှုရင်ဆိုင်ခဲ့ရတယ်။ တရုတ်နိုင်ငံမှာ စတော့ရှယ်ယာ ဈေးကစားခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေကို သတင်းအမှားတွေ ပေးကာ လမ်းလွဲရောက်အောင် တမင်လုပ်ပြီး ငွေရှာခဲ့တဲ့အမှု ပေါ်ပေါက်ခဲ့ရာမှ တရုတ်နိုင်ငံ  ငွေချေးစာချုပ်ဈေးကွက်မှာ အရောင်းအဝယ် ပြုခွင့် တားမြစ်ပိတ်ပင်ခံရပါတယ်။ 
နောက်တစ်နှစ်အကြာ ၂၀၁၈ ခုနှစ်မှာ တရုတ် အာဏာပိုင်တွေက နောက်ထပ် အရေးယူခဲ့ပြန်ရာ သူတို့နှစ်ဦး စတော့အိပ်ချိန်း စာရင်းဝင်တဲ့ မည်သည့်ကုမ္ပဏီမှာမှ အရေးပါတဲ့ရာထူးတာဝန် ရယူခြင်းကို ငါးနှစ် ပိတ်ပင်ခဲ့ပါတယ်။ 
 

Huang ဝယ်ယူလိုက်တဲ့ မိုးထိတိုက်ခန်းက အတိအကျ ပြောရရင် ဒေါ်လာ ၂၇.၆၅ သန်း ပေးရပါတယ်။ သူတို့အဖို့ ဈေးအကြီးဆုံး အိမ်ရာပိုင်ဆိုင်မှု မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်မှ သူတို့ လင်မယားက ပြင်သစ်နိုင်ငံ ဝိုင်အရက် ထုတ်လုပ်ရာ Bordeaux အရပ်ဒေသမှာ Château Monlot ရိုးရာဝိုင်လုပ်ငန်းကို ယူရို သန်း ၄၀ (ထိုစဉ်က ငွေလဲနှုန်းအရ ဒေါ်လာ သန်း ၇၀) ဖြင့် ဝယ်ယူခဲ့ပါတယ်။ 

 

 

Ardmore Park မှာလည်း  Huang က အနည်းဆုံး တခြားအခန်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အောက်ဘက်နားက အထပ်မှာ အိပ်ခန်း လေးခန်းပါ ကွန်ဒိုတိုက်ခန်းကို ပိုင်ဆိုင်ထားပါတယ်။ 

အံ့အားသင့်စရာ တစ်ချက်က Ardmore Park penthouse ကို Huang က ဝယ်ယူခဲ့တာမှာ ငွေအကြေချေဖို့ သုံးနှစ် ကြာမြင့်ခဲ့ပါတယ်။
မိုးထိတိုက်ခန်း ရောင်းချသူထံမှ ၂၀၁၇ ခုနှစ် ဧပြီလမှာ Huang  က  Option to Purchase (OTP)  အာမခံချက် ရရှိခဲ့ပါတယ်။ 

OTP ဆိုတာကတော့ ဝယ်မယ့်သူက ဝယ်မှာ သေချာလို့ စရံသတ်လိုက်တာကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် အရောင်းအဝယ်တည့်တဲ့ ဈေးရဲ့ ၁% ကို စရံငွေအဖြစ် ပေးအပ်လေ့ ရှိပါတယ်။ အဲဒီလို စရံသတ်တာမှာ ကာလအပိုင်းအခြား သတ်မှတ်ထားကြပါတယ်။ အဲဒီကာလအတွင်းမှာ ပိုင်ရှင်က တခြားသူကို ရောင်းခွင့် မရှိတော့ဘူး။ တခြားသူကလည်း ဈေးပိုပေးပြီး လာဝယ်လို့ မရတော့ဘူး။ အဲဒီသက်ရောက်ကာလကို option period လို့ ခေါ်ကြပါတယ်။ 
ပုံမှန်အားဖြင့် option period ကို ကွန်ဒို ပြန်ရောင်းတာအတွက်ဆိုရင် ၁၄ ရက် သတ်မှတ်ကြပါတယ်။ ရက်စေ့ပြီးတဲ့အထိ တကယ်လို့ ဝယ်သူက စိတ်ပြောင်းသွားလို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မဝယ်ဖြစ်တော့ဘူးဆိုရင် စရံဆုံးတဲ့အပြင် ရောင်းတဲ့သူက ဈေးဖွင့်ပြီး တိုက်ခန်းကို ရောင်းချခွင့် ပြန်ရသွားပါတယ်။ 
ပုံမှန် option period  က ၁၄ ရက်။
Huang က သုံးနှစ်ကြာမှ ငွေအကြေချေတယ်ဆိုတော့  option period က ၁.၀၉၆ ရက် ။

အိမ်ရာရောင်းဝယ်တဲ့ လောကမှာ အခုလောက်ကြာတဲ့ option period   မရှိသလောက် ရှားပါတယ်။ 
ကွန်ဒိုပြန်ရောင်းတဲ့အခါ OTP ကို ရောင်းသူဝယ်သူ နှစ်ဦးသဘောတူညီမှုဖြင့် ကာလတစ်ရပ် သတ်မှတ်ထားလို့ ရပါတယ်။ အဲဒီအခါမှာ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အိမ်ရာပွဲစားက option period ကို ပုံမှန် ၁၄ ရက်ထက် ပိုမပေးဖို့ ထက်ထက်သန်သန်ဖြင့် အကြံပေးပါလိမ့်မယ်။ သူက ငွေအကြေချေတော့မှ ပွဲခ ရမှာ မဟုတ်လား။ ပြီးတော့ ၁၄ ရက်ဆိုတာ ဝယ်ယူသူက ပေးချေရမယ့် ငွေကို စီစဉ်ဖို့ အချိန် လုံလောက်နေတယ်။ 
 
တကယ်လို့ ဝယ်ယူသူက  option period ကို အချိန်ပိုကြာကြာပေးဖို့ တောင်းဆိုရင် စရန်ငွေ ချပေးတာကိုလည်း ပိုများများ ချပေးရလေ့ ရှိပါတယ်။  option period ကို နှစ်ပတ် အစား တစ်လထားစေလိုတယ်ဆိုရင် ရောင်းဈေးရဲ့ ၂% ၃% စသဖြင့် ပေးပြီး စရန်သတ်ရမှာ ဖြစ်ပါတယ်။ Huang က တရုတ်နိုင်ငံသား ဖြစ်နေလို့ စင်ကာပူမှာ ဝယ်တဲ့အခါ နိုင်ငံခြားသားတစ်ဦးအနေဖြင် ငွေစီစဉ်ဖို့ အချိန်ပိုကြာကြာ လိုအပ်တယ်ဆိုရင် ကျိုးကြောင်း ဆီလျော်ပါတယ်။ တရုတ်နိုင်ငံမှ ငွေကို စင်ကာပူသို့ ပြောင်းရွှေ့ရတဲ့ လုပ်ငန်းစဉ်ကို သူ လုပ်ကိုင်ရမှာ ဖြစ်လို့ အချိန်ပိုယူတယ်ဆိုရင် သဘာဝကျပါတယ်။  ဒါပေမဲ့ သုံးနှစ်တောင် အချိန်ယူတာကတော့ ကျိုးကြောင်းမဆီလျော်ပါ။ option period ကို သုံးနှစ်ထားစေလိုတယ်ဆိုရင် ကြာချိန်နဲ့ ပေးရမယ့် စရန်ငွေ အချိုးချလိုက်ရင် Huang က မိုးထိတိုက်ခန်း တန်ဖိုးရဲ့ ၇၈% အထိ စရန်ငွေ ပေးရမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ် မရှိတဲ့ ကြာချိန်နဲ့ စရန်ငွေ ဖြစ်နေတယ်။ Huang က ပေးခဲ့ပုံလည်း မရပါဘူးလို့ အိမ်ရာလောက ကျွမ်းကျင်သူအချို့က သုံးသပ်ကြတယ်။ 

တိုက်ခန်းရောင်းချသူက RB Capital ရဲ့ စီအီးအို Kishin RK ဖြစ်ပြီး တိုက်ခန်း ဝယ်ပြီးခါစမှာပဲ သူက ရောင်းဖို့ စကားမဟဘဲ Huang က ဝယ်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ တိုက်ခန်းကို ဝယ်ယူပြီး သုံးနှစ်အတွင်းမှာ ပြန်ရောင်းချခဲ့ရင် Kishin RK  အနေဖြင့် အခွန်တစ်မျိုး ဖြစ်တဲ့ Seller Stamp Duty (SSD) စည်းကြပ်ခံရမှာ ဖြစ်ပါတယ်။  Huang ပေးတဲ့ဈေးကလည်း မငြင်းသာအောင် ကောင်းနေတော့ လက်လွှတ်ခံရမှာ နှမြောစရာ ဖြစ်နေလိမ့်မယ်။ 

အဲဒီ နှစ်ချက်စလုံး ပြေလည်ဖို့ဆိုတာ  Huang က စရန်သတ်တာကို လက်ခံထားလိုက်ပြီး ငွေအကြေချေပြီး အရောင်းအဝယ်စာချုပ် တရားဝင် ချုပ်ဆိုတာကို သုံးနှစ်ကြာ ဆိုင်းငံ့ထားလိုက်ရင် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ဒီတော့  Huang က မိုးထိတိုက်ခန်း တန်ဖိုးရဲ့ ၇၈% အထိ စရန်ငွေ မပေးဘဲ စရန်သတ်ပြီး မျောထားလို့ ရနေစေတယ်။  Huang က မိုးထိတိုက်ခန်းမှာ နေထိုင်တာအတွက် ငှားရမ်းခ သုံးနှစ်စာကို စရန်အဖြစ် ပေးချေပြီး တိုက်ခန်းဖိုး ပေးတဲ့အခါ ခုနှိမ်ဖို့ သဘောတူညီချက် ရယူနိုင်ပါတယ်။ 

ပုံမှန် ၁၄ ရက် ကာလအရ ၁%  ပေးချေမယ်ဆိုရင် 1% x $27.65 million = $276,500
အခန်း လစဉ်ငှားခဖြင့် သုံးနှစ်စာကို စရန်အဖြစ် ပေးချေမယ်ဆိုရင် $30,000 x 36 months = $1,080,000
အဲဒီပမာဏက ရောင်းဈေးရဲ့  ၃.၉% ခန့် ရှိပါတယ်။ 

Ardmore Park penthouse ကို ဝယ်ယူပြီး မကြာခင်မှာ ပြန်ရောင်းလိုက်သူ Kishin RK နဲ့ ပတ်သက်လို့ သို့လော သို့လော တွေးစရာ  ရှိနေပါတယ်။ Kishin RK က စင်ကာပူနိုင်ငံမှာ အသက်အငယ်ဆုံး ဘီလျံနာတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူက အဲဒီတိုက်ခန်းကို ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၁၉,၅ သန်းဖြင့် ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။  Urban Redevelopment Authority (URA) မှာ အဲဒီ တိုက်ခန်း အရောင်းအဝယ်က မှတ်တမ်းမှတ်ရာ စာရင်းမဝင်တဲ့အတွက် သူပြောတဲ့ဈေးကိုပဲ အတည်ယူကြရပါတယ်။ 
ဖြစ်နိုင်ခြေ ရှိတာက Kishin က တိုက်ခန်းကို ဝယ်ယူလိုက်ပြီးတဲ့အခါ လက်ဆောင်ပေးတဲ့အနေဖြင့် ပိုင်ရှင်အမည်ပေါက် လွှဲပြောင်းလိုက်တယ်။ နှစ်ဦးနှစ်ဖက် နားလည်သဘောတူညီမှုဖြင့် ဆောင်ရွက်ကြတာ သူဌေးအကြား လုပ်နေကျ ဖြစ်ပါတယ်။ 
 Kishin  က တိုက်ခန်းမှာ နေထိုင်ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ  Huang က ဝယ်ဖို့ ပြောလာတဲ့ ဈေးက ၄၂% အမြတ်ထွက်တဲ့ အလားအလာ ရှိနေတယ်။  Kishin ကိုယ်တိုက်ကလည်း အိမ်ရာအိုးအိမ် ဝါရင့်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒီတော့ ၃ နှစ်ကာလ  option period  ထားဖို့ အစီအစဉ်ကို သူက ချပေးတာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ SSD ကို ပေးစရာ မလိုတော့ဘူး။ 

option period  စတင်ခဲ့ပြီး တစ်နှစ်နဲ့ လေးလအကြာမှာ အစိုးရက အပူချိန်တက်နေတဲ့ အိမ်ရာဈေးကွက်ကို ဘရိတ်ဖမ်းဖို့ ဝယ်ယူသူကို စည်းကြပ်တဲ့ Additional Buyer’s Stamp Duty (ABSD) အခွန်ကို တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာပြဋ္ဌာန်းခဲ့ပါတယ်။ 
အိမ်ရာရှိထားပြီးသား အမြဲတမ်းနေထိုင်ခွင့် (PR - Permanent Residence) ရထားသူက ဒုတိယမြောက် အိမ်ရာဖြစ်စေ၊ နောက်ထပ် အိမ်ရာတွေ ဖြစ်စေ ထပ်ဝယ်တဲ့အခါ စည်းကြပ်တဲ့အခွန်ကို ဝယ်ယူတဲ့စာချုပ်ပါ ဈေးနှုန်းနဲ့ ရာဖြတ်ဈေးနှုန်းနှစ်ခုမှာ ပိုများတဲ့ဈေးနှုန်းရဲ့ 
 ၅% ထပ်ဆောင်ပြီး ပေးသွင်းရမှာ ဖြစ်ပါတယ်။ 
အခုလို တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် Huang အနေဖြင့် မိုးထိတိုက်ခန်း ဈေးနှုန်းရဲ့ ၁၅% ကို အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ပမာဏအားဖြင့် ဒေါ်လာ ၄.၁၅ သန်း ဖြစ်ပါတယ်။ 
ဒါပေမဲ့  Huang အနေဖြင့် ပေးဖို့ မလိုဘူး။ သူက အသက် ၁၀ နှစ်ရှိသူ သမီးရဲ့ အုပ်ထိန်းသူအဖြစ်ဖြင့်  Ardmore Park penthouse ကို ဝယ်ယူထားတာ ဖြစ်ပါတယ်။ သမီးရဲ့ အသက် ၂၁ နှစ်ပြည့်တဲ့အခါ တိုက်ခန်းအမည်ပေါက်က သမီးရဲ့ အမည် ဖြစ်သွားပါလိမ့်မယ်။ 

အုပ်ထိန်းသူအနေဖြင့် အိမ်ရာကို ဝယ်ယူရင် ဝယ်ယူသူက ABSD ကို ပေးသွင်းဖို့ မလိုဘူး။ အိမ်ရာကို ဆက်ခံမယ့်သူက စင်ကာပူ နိုင်ငံသား ဖြစ်ရမှာ ဖြစ်ပြီး အိမ်ရာပိုင်ဆိုင်မှု ဘာတစ်ခုမှ မရှိသေးတဲ့သူဖြစ်ရမယ်လို့ စည်းကမ်းသတ်မှတ်ချက် ရှိပါတယ်။ အဲဒီအချက်တွေနဲ့ သူ့သမီးက ကိုက်ညီပါတယ်။ 
တကယ်လို့ သမီးက စင်ကာပူ နိုင်ငံသား မဟုတ်ဘဲ PR  ရထားသူဆိုရင်တော့ ABSD ကို ၅% ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ၁၅% ပေးဆောင်ရမှာ ဖြစ်လို့ ၁၀% သက်သာနေပါတယ်။ ၅% ရဲ့ ပမာဏက ဒေါ်လာ ၁.၃၈ သန်း ဖြစ်ပါတယ်။ 

ချမ်းသာတဲ့သူတွေက ABSD  ပေးဆောင်ရသည်ဖြစ်စေ၊ မပေးဆောင်ရသည်ဖြစ်စေ အုပ်ထိန်းသူအနေဖြင့် ဝယ်ယူပြီး သားသမီးကို ဆက်ခံရရှိသူအဖြစ် အမည်ပေါက် လုပ်ထားလေ့ ရှိပါတယ်။ မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ အမွေပေးတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ 

 

ဧည့်ခန်းနဲ့ နားနေခန်းတို့ကို အီတလီမာဘယ်ကျောက်ပြား ကြမ်ခင်းပေးထားပြီး အိပ်ခန်းတွေကိုတော့ သစ်မာ ပါကေး ခင်းပေးထားပါတယ်။
အိပ်ခန်းတိုင်းမှာ ရေချိုးခန်းအိမ်သာတစ်ခန်း တွဲလျက် ပါပြီး မာဘယ်ကျောက်ပြား ခင်းပေးထားပြီး နံရံမှာလည်း မာဘယ်ကျောက်ပြား ကပ်ပေးထားပါတယ်။ 

 

အပြင်ကို လှမ်းကြည့်ရင် အဆောက်အဦ အမိုးရဲ့ ထောင့်နေရာမှာ တည်ရှိတာကြောင့် သုံးဘက်သုံးတန်ကို အပေါ်စီးမှာ မျက်စိတစ်ဆုံး မြင်ရပါတယ်။ 

 

 

အိမ်ဖော်အကူ နှစ်ယောက်စာ ကျယ်ကျယ်ဝန်းဝန်း အခန်းတစ်ခန်းပါတယ်။ 
ကားရပ်ဖို့ နေရာ ကားရှစ်စီးစာ ရရှိပါတယ်။
အဲဒီလို တိုက်ခန်းမျိုးရဲ့ ၂၀၁၈ ခုနှစ်မှာ ငှားရမ်းခပ တစ်လ ဒေါ်လာ ၃၀,၀၀၀ ဖြစ်ပါတယ်။ 
ပြုပြင်ထိန်းသိမ်းစရိတ် လစဉ်ကြေး တစ်လ ဒေါ်လာ ၄,၀၀၀ ကောက်ခံပါတယ်။ 

99.co

 

 

 

 

 

 

Tips Read 14359 times