လူနေတိုက်ခန်း တာဝါတွေမှာ ငှားထားတဲ့အခန်း မရှိတော့ဘူး

လူနေတိုက်ခန်း တာဝါတွေမှာ ငှားထားတဲ့အခန်း မရှိတော့ဘူး

"လူနေတိုက်ခန်း တာဝါတွေမှာ လူနေတဲ့အခန်း တစ်ခုမှ မရှိတော့ဘူး" လို့ ဖိလစ်ပိုင်နိုင်ငံ

မနီလာမြို့တော်မှ အိမ်ပွဲစားလုပ်ငန်း KMC Savills Inc. ရဲ့ ညွှန်ကြားရေးမှူးချုပ် Michael McCullough က ပြောပြတယ်။ မိုးထိတာဝါတွေမှာ အခန်းလွတ်တွေချည်း ဖြစ်ကုန်ရတာဟာ မနီလာမြို့မှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းကာစီနို လုပ်ငန်းတွေ ပြန်လည်ထွက်ခွာသွားကြလို့ ဖြစ်ပါတယ်။
"နောက်ထပ် အခန်းလွတ်တွေ ထပ်ရှိလာဦးမယ်" လို့ သူက မှတ်ချက်ပြုတယ်။

ယခုနှစ် တတိယသုံးလပတ်မှာ ရုံးခန်းအငှားဈေးကွက် အကြီးအကျယ် အရှုံးပြခဲ့တယ်။ ကပ်ရောဂါကြောင့် ရုံးခန်းတွေ ပိတ်ထားကြရတယ်။ လုပ်ငန်းတွေလည်း ပိတ်သိမ်းကုန်ကြတယ်။
KMC မှ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မက်ထရိုမနီလာမှာ ရုံးခန်းကြမ်းခင်းဧရိယာ ၄၇,၈၀၀ ‌စတုရန်းမီတာဟာ ငှားမယ့်သူ မရရှိတော့ဘူးလို့ ဆိုတယ်။ ရုံးခန်းအလွတ် ကြမ်းခင်းဧရိယာ ပြီးခဲ့တဲ့ သုံးလပတ်မှာ ၇ ရာခိုင်နှုန်းကျော် ပိုများလာခဲ့တယ်လို့ Leechiu Property Consultants Inc. က ပြောကြားခဲ့ပါတယ်။
မနီလာမြို့မှာ အွန်လိုင်းလောင်းကစားလုပ်ငန်းကဏ္ဍက လည်ပတ်ငွေ အမေရိကန်‌ဒေါ်လာ ၈ ဘီလျံ ဝန်းကျင် ရှိတယ်။ လုပ်ငန်းအများစုဟာ တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အွန်လိုင်းကာစီနိုတွေ လာရောက်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား တစ်သိန်းကျော်အထိ မက်ထရိုမနီလာမှာ နေထိုင်ခဲ့ကြတယ်။
အခုလို အွန်လိုင်း ကာစီနိုတွေ လုပ်ကိုင်တာကြောင့် ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မက်ထရိုမနီလာရဲ့ ရုံးခန်းနဲ့ လူနေတိုက်ခန်း ငှားရမ်းခတွေ မြင့်တက်ခဲ့တဲ့အထိ စည်ကားနေခဲ့တယ်။
ကိုဗစ်ကြောင့် လောင်းကစားသူတွေ လျော့ကျသွားလို့ တွက်ခြေမကိုက်တော့တာကြောင့် တချို့က လိုင်စင် ပြန်အပ်လိုက်ကြတယ်။ တချို့က လုပ်ငန်းပမာဏကို လျှော့ချလိုက်ကြပြီး ရုံးခန်းနဲ့ လူနေအိမ်ခန်း ငှားရမ်းခတွေ သက်သာတဲ့ နိုင်ငံသို့ ပြောင်းရွှေ့သွားကြတယ်။ တချို့က ရုံးခန်း ပြန်အပ်ပြီး ဝန်ထမ်းတွေကို အိမ်မှ လုပ်ကိုင်စေတယ်။
အွန်လိုင်းကာစီနိုတွေကြောင့် စည်ကားနေခဲ့ဖူးတဲ့ မိုးထိတာဝါကြီးတွေမှာ အခန်းလွတ်တွေချည်း ဖြစ်သွားတဲ့ အဖြစ်ကို ကြုံရပါတယ်။

bloomberg.com

Read 1710 times
Rate this item
(0 votes)