နှစ် ၆ဝ အလွန် သာကေတ

နှစ် ၆ဝ အလွန် သာကေတ MOI

ယခု ရန်ကုန်မြို့ တည်နေရာ၌ ခရစ်နှစ် ၁ဝ၂၈ ခုနှစ်မှ ၁၀၄၃ ခုနှစ်အတွင်း မွန်လူမျိုးများ တည်ထောင်ခဲ့သည့် ဒဂုံသည် တံငါရွာငယ်တစ်ခုသာ ဖြစ်ခဲ့သည်။

ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သူ အလောင်းမင်းတရား ဦးအောင်ဇေယျသည် ၁၇၅၅ ခုနှစ် မေလ ၂ ရက်တွင် ဒဂုံမြို့ဟောင်းကို ရှင်းလင်း၍ ၇၅ ဧက ကျယ်ဝန်းသော မြို့သစ်ကိုတည်ထောင်ကာ ရန်ကုန်ဟု အမည်ပေးခဲ့ပြီး မြို့ပတ်လည်ကို ကျွန်းသစ်များဖြင့် ကာရံခဲ့သည်။

 

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးပြီးနောက် ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ကြသည်။

၁၈၅၃ ခုနှစ်တွင် ဒေါက်တာမောင်ဂိုမာရီ (Dr. W. Montgomery) နှင့် ဗိုလ်ဖရေဇာ (Lt. A.Fraser) တို့သည် အောက်မြန်မာနိုင်ငံ၏ အချက်အချာ နေရာဖြစ်သည့် ရန်ကုန်မြို့ကို အသစ်ပြန်လည်တည်ဆောက်ရန် ဆူးလေစေတီကို ဗဟိုပြုသည့် မြို့ပြစီမံကိန်း တစ်ခုကို ရေးဆွဲခဲ့ကြသည်။

 

အရေးပါသော ဆိပ်ကမ်းမြို့ 

ဗြိတိသျှတို့၏ Reconstruction of Modem Rangoon 1853 စီမံကိန်းအရ ရန်ကုန်မြို့ကို လေးထောင့် အကွက်ပုံစံ (Chessboard Pattem) တည်ခဲ့ကာ ရန်ကုန် မြို့၏ နယ်နိမိတ်သည်အရှေ့ဘက်တွင် အရှေ့လမ်း (East Road) (ယခုသိမ်ဖြူလမ်း)၊ အနောက်ဘက်တွင် လမ်းမတော်၊ တောင်ဘက်တွင် ကမ်းနားလမ်းနှင့် မြောက်ဘက်တွင် ကော်မရှင်နာလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း) အထိ အဝန်းအဝိုင်းဖြစ်သည်။

 

အရှေ့ အနောက်သွယ်တန်းပြီး ပေ ၁၈၀ကျယ်သည့် လမ်းမကြီး ငါးခု (ယခုကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း) ကို ဖောက်လုပ်ခဲ့သည်။ မြို့ကွက်အတွင်း၌ တောင် မြောက်သွယ်တန်းကာ နံပါတ်စဉ်တပ်ထားသည့် ဖြတ်လမ်းများသည် အနောက်ဘက်တွင် ၁၇ လမ်းနှင့် အရှေ့ဘက်တွင် ၄၄ လမ်းအထိဖြစ်သည်။ ရန်ကုန်မြို့ သည် ပင်လယ်ဝမှ ၂၁ မိုင်ကွာဝေးပြီး ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ဒေါပုံချောင်းတို့ဆုံရပ်တွင် တည်ရှိသဖြင့် ပင်လယ်ရေကြောင်းသွားလာရေးတွင် အရေးပါသော ဆိပ်ကမ်းမြို့ ဖြစ်လာခဲ့ပေသည်။

 

အလောင်းမင်းတရား တည်ထောင်ခဲ့ချိန်မှစ၍ ရန်ကုန်မြို့သည် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ အရှေ့တောင်အာရှဒေသ၏ မြို့ကြီးတစ်ခုအဆင့်သို့ ရောက်ရှိခဲ့သည်။ မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ လူဦးရေ တိုးတက်များပြားလာသဖြင့် ရန်ကုန်မြို့ကို ခေတ်အဆက်ဆက် တိုးချဲ့ခဲ့ရသည်။ ယင်းတို့အနက် ဗိုလ်ချုပ်ကြီးနေဝင်းဦးစီးသည့် အိမ်စောင့်အစိုးရ လက်ထက် ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မြို့ကို မြို့တော် အင်္ဂါရပ်များနှင့် ညီညွတ်စေရန်ဆောင်ရွက်ခဲ့ရာ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က မြို့သစ်သုံးခုကို ထူထောင်၍ ကျူးကျော်နေထိုင်သူများအား အတည်တကျ နေရာချထားပေးခဲ့သည်။

 

ထိုစဉ်က ရန်ကုန်မြို့၏ မြို့သစ် သုံးခုဖြစ်သည့် သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပ မြို့နယ်တို့သည် ယခုအခါတွင် ဖွံ့ဖြိုးစည်ပင်သော မြို့နယ်များအဖြစ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သက်တမ်း ၆၁ နှစ်ကျော်ပြီ ဖြစ်သည့် ယင်းမြို့နယ် သုံးခုသည် လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် ပါဝင်ကြသည်။

 

သာကေတမြို့နယ် 

ရန်ကုန်မြို့ကို တိုးချဲ့တည်ထောင်ခဲ့သည့် မြို့သစ်သုံးခုအနက် သာကေတမြို့နယ်သည် ရန်ကုန်မြို့ နှင့် အနီးဆုံးနေရာတွင် ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်းအကြား တွင် တည်ရှိ၍ ၄ ဒသမ ၉၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ လက်ရှိအချိန်တွင် သာကေတမြို့နယ်၏ အရှေ့ဘက်၌ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အရှေ့မြောက်ဘက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အနောက်ဘက်နှင့်တောင်ဘက်တွင် ဒေါပုံမြို့နယ်နှင့် မြောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်တို့တည်ရှိသည်။

 

ပင်လယ်ရေ မျက်နှာပြင်အထက် ၁၅ ဒသမ ၈၅ ပေမြင့်သည့် သာကေတမြို့နယ် သည် ငမိုးရိပ်ချောင်းနှင့် ပဲခူးမြစ် ကျွန်းဆွယ်ပေါ်တွင် တည်ရှိကာ အရှေ့ဘက်တွင် ပဲခူးမြစ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ပုဇွန်တောင်ချောင်း၊ မြောက်ဘက်တွင် ငမိုးရိပ်ချောင်းတို့က ဝန်းရံလျက်ရှိသည်။ ။

 

သာကေတမြို့အဝင် ကျောက်စာတိုင်၌ ရေးထိုးထားသည့် မှတ်တမ်းတွင် “သာကေတမြို့ကို ၁၃၂ဝ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၁၄ ရက်တွင် စတင်တည်ဆောက်သည်”ဟု ဖော်ပြထားရာ ယင်းရက်သည် ခရစ်နှစ် ၁၉၅၉ ခုနှစ် ဇန်နဝါရီလ ၈ ရက် ကြာသပတေးနေ့ဖြစ်သည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံနေရာအနှံ့မှ ပြည်သူများသည် ရန်ကုန်မြို့သို့ပြောင်းရွှေ့ နေထိုင်မှုများ များပြားလာသဖြင့် ရန်ကုန်မြို့တွင် လူနေကွက်သစ်များ တစ်စတစ်စတိုးပွားလာခဲ့သည်။ သို့သော် စနစ်တကျမြို့ ကွက်ချ၍ နေထိုင်ခဲ့ကြခြင်းမဟုတ် သဖြင့် သန့်ရှင်းသပ်ရပ်မှု မရှိခဲ့ချေ။ ထို့ကြောင့် ရန်ကုန်မြို့ကို ကမ္ဘာ့အဆင့်မီ မြို့တော်ကြီးအဖြစ် တည်ဆောက်ရန် မဟာရန်ကုန်မြို့တော် တည်ဆောက်ရေးစီမံကိန်းကို ၁၉၅၄ ခုနှစ်တွင် ရေးဆွဲခဲ့သည်။

 

သို့သော် လေးနှစ်ကြာသည့်တိုင် ယင်းစီမံကိန်းကို အကောင်အထည်မဖော်နိုင်ခဲ့ဘဲ အိမ်စောင့်အစိုးရ လက်ထက် ၁၉၅၈ ခုနှစ်တွင် အိုးအိမ်အဖွဲ့က သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပဟူသည့် မြို့သစ်သုံးခုကို တည်ဆောက်ခဲ့သည်။

 

မြို့သစ်စီမံကိန်းနှင့်အတူ ပုသိမ်ညွန့်မီးရထားတံတားဟောင်းကို တစ်လမ်းမောင်း မော်တော်ကားလမ်းအဖြစ် ပြုပြင်တည်ဆောက်ခဲ့ကာ ဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ မြင်တော်သာလမ်း၊ ယမုံနာလမ်းမ၊ ရှုခင်းသာလမ်းနှင့် အရှေ့မြို့ပတ်လမ်းများနှင့် ကန့်လန့်ဖြတ်လမ်းများကို အကွက်ချကာ ဖောက်လုပ်ခဲ့သည်။

 

ထို့နောက်ရပ်ကွက်များ သတ်မှတ်၍ ပုဇွန်တောင်၊ ထင်းပုံဆိပ်၊ ကျီတော်၊ ပေတောကုန်း၊ စက်ဆန်း၊ အမဲဈေး၊ ပုသိမ်ညွန့်၊ တာမွေနတ်ချောင်းနှင့် အခြားမြို့နယ်များမှ ကျူးကျော်အကွက်များကို ဖျက်သိမ်းပြီး သာကေတမြို့သစ်တွင် ပြန်လည်နေရာ ချထားခဲ့သည်။

 

မြို့နယ်တွင် နေထိုင်ကြမည့်ပြည်သူများ သောက်သုံးရေ သုံးစွဲနိုင်ရန် ဂျိုးဖြူရေလှောင်ကန်မှ လာသည့်ရေကို ပိုက်များဖြင့် သွယ်တန်းပေးပြီး ရပ်ကွက် တိုင်းရှိ လမ်းထိပ်များတွင် အုတ်ရေကန်များကို ပြုလုပ်ပေးခဲ့သည့်အပြင် ဧရာဝဏ်လမ်းနှင့် အနော်မာလမ်း ထောင့်၌ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် သောက်ရေကန်ကြီးတစ်ခုကို တူးဖော်ခဲ့ရာ အလှူရှင်မှာ ဦးပွင့်ကောင်း - ဒေါ်ခင်နွဲ့ရီဖြစ်သည်။

 

ပ.ထ.စ (ပြည်ထောင်စု) အစိုးရလက်ထက် (၁၉၆၀-၁၉၆၂) တွင် သာကေတ စက်မှုလက်မှုရပ်ကွက်ကို ဖော်ထုတ်ခဲ့ပြီး မော်တင်ကီလီဈေးတစ်ဝိုက်မှ ငါးပိငါးခြောက်ပွဲရုံများကို ပြောင်းရွှေ့နေရာချထားခဲ့သည်။ စက်မှုလက်မှု ရပ်ကွက်တွင် ဗမာ့သင်္ဘောဆေးစက်ရုံ၊ ရွှေခြင်္သေ့ကော်ဖီ၊ စက်ရုံ၊ ဟံသာအေး နိုင်လွန်အထည်စက်ရုံ၊ ပွင့်ကောင်း ငံပြာရည်စက်ရုံ၊ ကြက်ဆင်ဖဲထီးစက်ရုံ၊ အဏ္ဏဝါ ဆားစက်ရုံ စသည့်စက်ရုံများကို ဖွင့်လှစ်လည်ပတ်ခဲ့သည်။

 

သာကေတမြို့နယ်မှ တံတားကြီး ကိုးစင်း

မြစ်ချောင်းများဝန်းရံနေသည့် သာကေတမြို့သစ်သို့ သွားလာရေး လွယ်ကူချောမွေ့စေရန် ပုဇွန်တောင်မြို့နယ် နှင့် ဒေါပုံမြို့နယ်ကို ဆက်သွယ်သည့် သာကေတတံတား ကို ကိုလံဘိုစီမံကိန်းအရ ကနေဒါနိုင်ငံ၏ အကူအညီဖြင့် ၁၉၆၆ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ၁၉၆၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

 

သာကေတတံတား၏ အလယ်ခန်းပွင့်နှစ်ခုကို အရှင်ပြုလုပ်ထားသဖြင့် တံတားအောက်မှ သင်္ဘောကြီးများ ဖြတ်သန်းချိန်တွင် တံတားအလယ်ခန်းပွင့် ကြမ်းခင်း နှစ်ခုကို အပေါ်သို့ထောင်ကာ တံတားကိုဖွင့်ပေးခြင်းဖြင့် င်္ဘောကြီးများကို လွယ်ကူစွာ ဖြတ်သန်းစေနိုင်ခဲ့ပေသည်။

 

ထို့အတူ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ သာကေတမြို့နယ်နှင့် သုဝဏ္ဏကို ဆက်သွယ်သည့် သုဝဏ္ဏတံတားကို ၁၉၈၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

 

သာကေတမြို့နယ်မှ သန်လျင်မြို့သို့ ဆက်သွယ်ထားပြီး ၉၆၀၉ ပေရှည်သည့် သန်လျင်တံတားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁၉၈၆ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ပုဇွန်တောင်ချောင်းကို ဖြတ်ကျော်လျက် ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်သို့ ဆက်သွယ်ထားသည့် ၃၆၄၃ ပေရှည်သော မဟာဗန္ဓုလတံတားကို ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

 

၂၀၀၇ ခုနှစ် ဧပြီလ ၂၈ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်အကြားရှိ ငမိုးရိပ်ချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသော ပေ ၉၈၀ ရှည်သည့် ကမာကြည်တံတားကို ဖွင့်လှစ်ခဲ့သည်။ ငမိုးရိပ်ချောင်းကိုပင် ဖြတ်ကျော်တည်ဆောက်သည့် ငမိုးရိပ်(သုဝဏ္ဏ) တံတားကို မူလတံတားဟောင်းမှ ၇၅ ပေအကွာတွင် တည်ဆောက်၍ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက် နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၅ ခုနှစ်မှာပင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပုသိမ်ညွန့်တံတားဟောင်း အနီးတွင် ၇၅၉ ပေရှည်သည့် ငမိုးရိပ်တံတား (မင်္ဂလာ တောင်ညွန့်) ကို တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

 

ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို ဆက်သွယ် သည့်သာကေတတံတားသည်သက်တမ်း နှစ် ၅၀ ကျော် ချိန်တွင် ကြံ့ခိုင်မှုလျော့နည်းလာသဖြင့် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် သာကေတတံတားနှင့် ဘေးချင်းယှဉ်လျက် ဒေါပုံတံတားအသစ်ကို တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

 

ထို့အတူ သာကေတမြို့နယ်ကို ဖြတ်သန်းလျက် သန်လျင်တံတားကို အသုံးပြုကာ သန်လျင်မြို့သို့ အချိန် နှင့်အမျှသွားလာနေကြသည့်မော်တော်ယာဉ်များ အလွန် များပြားလာသဖြင့် သန်လျင်တံတား အမှတ်(၃)ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်နေပြီ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် မြစ်ကူးချောင်းကူး တံတားကိုးစင်းရှိ နေသည့်သာကေတမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၏ တံတားမြို့တော်ဟုပင် ခေါ်ဆိုနိုင်မည် ဖြစ်ပေသည်။

 

သာကေတမြို့နယ်၏ အထင်ကရနေရာများ 

၁၉၉၆ ခုနှစ်မတိုင်မီက ရန်ကုန်မြို့မှ မွန်၊ တနင်္သာရီ နှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့သွားသည့် ပင်လယ်ကူးလူစီးနှင့် ကုန်တင်သင်္ဘောများသည် ပန်းဆိုးတမ်းလမ်း ကျန်းမာရေးဆိပ်ကမ်း၌သာ ဆိုက်ကပ်ခဲ့ကြသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမ၏ တောင်ဘက်ခြမ်းရှိ ပဲခူးမြစ်ကမ်းတွင် ကမ်းရိုးတန်းသွား ဆိပ်ခံဗောတံတားကို တည်ဆောက်၍ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

 

ထိုအချိန်မှစ၍ ပို့ဆောင်ရေးဝန်ကြီးဌာန ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီး၊ သံလွင်၊ ချင်းတွင်းအစရှိသည့် ကမ်းရိုးတန်းသင်္ဘောများ ဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ မွန်ပြည်နယ်ရှိ မော်လမြိုင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ခရီးသည်နှင့် ကုန်စည်များကို ပို့ဆောင်ပေးခဲ့ရာ ရှုခင်းသာရပ်ကွက်ရှိ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းဆိပ်ခံတံတားသည် သာကေတမြို့နယ်၏ အထင်ကရနေရာတစ်ခု ဖြစ်လာခဲ့သည်။

 

သာကေတမြို့နယ်ရှိ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာသည် ၁၀ မြောက်ရပ်ကွက်၊ အမှတ်(၁) သန်လျင် တံတားအနီးတွင် တည်ရှိသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု သွင်ပြင်လက္ခဏာများကို ဖော်ဆောင် တည်ဆောက်ပြသထားသည့် ပြည်ထောင်စုတိုင်းရင်းသားကျေး ရွာသည် နေ့စဉ်လာရောက်လည်ပတ်သူများဖြင့် စည်ကား လျက်ရှိနေပေသည်။

 

သာကေတမြို့နယ်၏ ထင်ရှားသောနေရာတစ်ခုဖြစ်သည့် မိကျောင်းမွေးမြူရေးစခန်းကို ၁၉၇၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ကာ ကမ္ဘောဒီးယားနိုင်ငံက ချစ်ကြည်ရေး လက်ဆောင်ပေးခဲ့သည့် မိကျောင်းသုံးကောင်အနက် တစ်ကောင်ကို ထိုစဉ်က ပုလဲနှင့် ငါးမွေးမြူရေး ကော်ပိုရေးရှင်းက လက်ခံရယူ၍ သာကေတ မိကျောင်းမွေးမြူရေး စခန်းတွင်မွေးမြူခဲ့သည်။ မိကျောင်းများကို နိုင်ငံခြားသုံးငွေ ရှာဖွေရန် ရည်ရွယ်ခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် မိကျောင်း မွေးမြူထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ကာ ယခုအခါတွင် မိကျောင်းကောင်ရေ ၅၀၀ ကျော်ကို မွေးမြူပြသထားသည်။

 

မျက်မှောက်ကာလ သာကေတ 

မြို့တည် သက်တမ်း နှစ် ၆၀ ကျော်ခဲ့ပြီဖြစ်သည့် သာကေတမြို့နယ်ကို ရပ်ကွက် ၁၉ ခုဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်အတွင်း၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်လျက်ရှိရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ စာရင်းများအရ သာကေတမြို့နယ်၌ အိမ်ခြေ ၃၂၂၉၇ လုံးနှင့် အိမ်ထောင်စု ၄၆၀၃၄ စု ရှိသည်။ သာကေတမြို့နယ်၏ လူဦးရေသည် ၂၂၁၉၅၉ ဦးဖြစ်၍ ဗမာလူမျိုးများက ၇၉ ဒသမ ၆၉ ရာခိုင်နှုန်း (၁၇၆၈၇၆ ဦး) ဖြစ်သည်။ မြို့နယ်နေ ပြည်သူများသည် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြကာ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများ လည်းရှိပြီး ထင်ရှားသော စေတီသုံးဆူဖြစ်သည့် ဇိနမာန်အောင်စေတီ၊ ၁၀၈ တောင်စေတီ၊ ရွှေအုတ်ဂူစေတီတို့အပြင် ဘုန်းကြီးကျောင်း ၂၁၃ ကျောင်း၊ သီလရှင်ကျောင်း လေး ကျောင်း၊ ခရစ်ယာန်ဘာသာရေး အဆောက်အအုံ နှစ်ခု၊ အစ္စလာမ်ဘာသာရေး အဆောက်အအုံ နှစ်ခုနှင့် ဟိန္ဒူ ဘာသာရေး အဆောက်အအုံ သုံးခု၊ တရုတ်ဘုရား ကျောင်း တစ်ခုလည်း တည်ရှိသည်။

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မှတ်တမ်းများအရ သာကေတစက်မှုဇုန်တွင် စက်ရုံ ၂၃ ရုံ ဖွင့်လှစ်ကာ လုပ်ငန်းများလည်ပတ်နေပြီး မြို့နယ်အတွင်း၌ နိုင်ငံပိုင် စက်ရုံ သုံးရုံ၊ ပုဂ္ဂလိကပိုင် ဆီအုန်းစက်ရုံ၊ ပုဂ္ဂလိကပိုင်အလုပ်ရုံ ၁၁ ရုံနှင့် အိမ်တွင်းစက်မှုလုပ်ငန်း ရှစ်ခုကို တည်ထောင်ဖွင့်လှစ်ထားသည်။ မြို့နယ်နေပြည်သူအများစုသည် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်ကြရာ မြို့နယ် အတွင်းရှိ ဈေးရုံရှစ်ရုံတွင် ဆိုင်ခန်း ၄၅၃၆ခန်း ဖွင့်လှစ်ထားသည်။

 

တိုးတက်စည်ပင်သည့် မြို့နယ်တစ်ခုဖြစ်သည့် အားလျော်စွာ သာကေတမြို့နယ်တွင် အစိုးရ အထက်တန်းကျောင်း ခြောက်ကျောင်း၊ အစိုးရ အလယ်တန်းကျောင်း ခြောက်ကျောင်း၊ အလယ်တန်းကျောင်းခွဲ တစ်ကျောင်း၊ အစိုးရမူလတန်းကျောင်း ၄၅ ကျောင်းကို ဖွင့်လှစ်ထားသည်။

 

မြို့နယ်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် သာကေတအဝိုင်းအနီးတွင် ၁၆ ခုတင်ဆံ့ ဆေးရုံကို ၁၉၈၆ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် သာကေတမြို့နယ် ပြည်သူ့ဆေးရုံအဖြစ် တိုးချဲ့ခဲ့ကာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၅ ရက်နေ့တွင် ခုတင် ၁၀၀ ဆံ့ အထူးကုဆေးရုံအဖြစ် တိုးမြှင့်ခဲ့သည်။

 

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ရန် သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီဖြင့် U Energy လျှပ်စစ်ဓာတ်အားပေး စက်ရုံကို သာကေတမြို့နယ်တွင် တည်ဆောက်ခဲ့သည်။

 

ရန်ကုန်မြို့၏ မြို့ သစ်တစ်ခုဖြစ်ခဲ့သည့် သာကေတမြို့နယ်သည် ဆယ်စုနှစ်ခြောက်ခုအတွင်း ဖွံ့ဖြိုးစည်ပင်ခဲ့ကာ စီးပွားရေး အချက်အချာကျသည့် မြို့နယ်တစ်ခုဖြစ်လာခဲ့ပြီး ၂၀၁၇ -၂၀၁၈ ခုနှစ် အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် ကျပ်သန်းပေါင်း ၁၄၉၈၇၇ ဒသမ ၂ ဖြစ်၍ လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေသည် ၁၀၅၆၀၃၉ ကျပ်ဖြစ်သည်။ 

 

သာကေတမြို့နယ်တွင် နေထိုင်ကြသူများ၏ အလုပ်လက်မဲ့နှုန်းသည် ၄ ဒသမ ၁ ရာခိုင်နှုန်းသာရှိသဖြင့် မြို့နယ်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများသည် အထူးကောင်းမွန်လျက်ရှိရာ အနာဂတ်ကာလတွင်လည်း ဆက်လက်ဖွံ့ဖြိုးစည်ပင်တိုးတက်နေမည်သာ ဖြစ်ပါပေသည်။

MOI

Read 969 times
Rate this item
(0 votes)