မြေရှားတဲ့ စင်ကာပူမှာ ဘန်ဂလို အိမ်ချည်းသက်သက် ရှားပါးပစ္စည်းတွေမပါ အမေရိကန်ဒေါ်လာ ၄၅ သန်း

မြေရှားတဲ့ စင်ကာပူမှာ ဘန်ဂလို အိမ်ချည်းသက်သက် ရှားပါးပစ္စည်းတွေမပါ အမေရိကန်ဒေါ်လာ ၄၅ သန်း

မြေရှားသည့် စင်ကာပူတွင် ခြံဝင်းကျယ် သစ်ပင်အုပ်နောက်ကွယ်မှာ ဆောက်ထားသည့်

ခန်းနားထည်ဝါသော ကိုယ်ပိုင်အိမ်များ ၂၅၀၀ ခန့် ရှိပါတယ်။

ဘဝမှာ ငွေပိုငွေလျှံတွေ တစ်သက်သုံးမကုန်မှသာ ဝယ်ပြီးနေသင့်တဲ့ ဘန်ဂလိုတွေလို့ ဆိုရမှာ ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူကြတာတွေလည်း ရှိနေပါတယ်။ ယခုနှစ်ရဲ့ ပထမ ၅ လအတွင်းမှာ ဘန်ဂလို ၅ ခု ရောင်းထွက်ခဲ့ပါတယ်။

စင်ကာပူဒေါ်လာ ၆၃ သန်း (အမေရိကန်ဒေါ်လာ ၄၅ သန်း)ဖြင့် ရောင်းလိုက်တဲ့ ဘန်ဂလိုဟာ ဘတ်စကက်ဘော ကစားကွင်း ၅ ကွင်းစာလောက် အကျယ်အဝန်းဖြစ်တဲ့ စတုရန်းပေ ၂၆ ၀၀၀ ခြံဝင်းထဲမှာ တည်ဆောက်ထားပါတယ်။

ဘန်ဂလိုမှာ ရေကူးကန် ပါပြီး ကန်စပ်မှာ အလေးချိန် ၁၅ တန်စီ ရှိတဲ့ ခြင်္သေ့ကျောက်ရုပ်တု နှစ်ခု ရှိနေတယ်။ အိမ်အပြင်နံရံတွေကို ရာစုနှစ်များ ကြာခဲ့ပြီဖြစ်တဲ့ မာဘယ်ကျောက်ပြားတွေနဲ့ အလှဆင်ထားပြီး တရုတ်ပြည်မှ သယ်ဆောင်လာခဲ့တဲ့ ကျောက်ပြားတွေ ဖြစ်ပါတယ်၊ 

လက်ဖက်ရည်ကြမ်း အေးအေးလူလူ ထိုင်သောက်ဖို့အခန်းထဲမှာ ရှေးဟောင်း ခရားတွေ ရှိနေပြီး တစ်ခုကို အမေရိကန်ဒေါ်လာ ၇ ၀၀၀ တန်ဖိုး ရှိပါတယ်။

အိမ်ရောင်းလိုက်တဲ့ ဒေါ်လာ ၆၃ သန်းက အိမ်ချည်းသက်သက်အတွက်သာဖြစ်ပြီး အိမ်ထဲမှာ ရှေးအသုံးအဆောင်ပစ္စည်းတွေ ခုရေ ၅၀၀ ဝန်းကျင်ရှိနေတာကို လိုချင်ရင် ကျသင့်သလောက် ထပ်ဆောင်းပြီး ပေးချေရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သိန်းရာဂဏန်းအထိ ပေးရနိုင်ဖွယ် ရှိပါတယ်။ အိမ်တစ်လုံး ဆိုတာထက် ပြတိုက်ငယ် တစ်ခုလိုမျိုး ဖြစ်နေတယ်။ 

 

 

အိမ်ပိုင်ရှင် Raymond Ng က ၂၀၁၀ ခုနှစ်မှာ စင်ကာပူ​​​​ဒေါ်လာ ၁၇ .၃ သန်းဖြင့် ဝယ်ယူခဲ့ပြီး အိမ်ကို ဒီဇိုင်းပြန်ထုတ်ပြီး ပြုပြင်မွမ်းမံတာအတွက် နောက်ထပ် စင်ကာပူ​​​​ဒေါ်လာ ၁၂ သန်း သုံးစွဲခဲ့တယ်။ အိမ်ခြံမြေ ကိုယ်စားလှယ် JNA Real Estate က တာဝန်ယူပြီး ဝယ်လက် ရှာပေးခဲ့ပြီး စင်ကာပူ​​​​ဒေါ်လာ ၆၃ သန်းနဲ့ အရောင်းအဝယ် တည့်ခဲ့တာ ဖြစ်ပါတယ်။  အိမ်ကို အခုလို ပြတိုက်ငယ်သဖွယ် မွမ်းမံပြီးကာမှ ဘာကြောင့် ပြန်ရောင်းလိုက်ရတာလဲဆိုတာကိုတော့ Raymond Ng က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

 

အီတလီသား Giuseppe Castiglione က တရုတ်ပြည်မှာ ဂေါ်ရင်ဂျီသာသနာပြုအဖြစ် ၁၇ ရာစုမှာ ရောက်ရှိခဲ့ပြီး မင်းဆက် သုံးဆက်တိုင်တိုင် နန်းတွင်း ပန်းချီဆရာအဖြစ် နေထိုင်ခဲ့စဉ် ရေးဆွဲခဲ့တဲ့ ပိုးသားပန်းချီကားတွေကိုလည်း Ng က စုဆောင်းထားတယ်။ ရှားပါး ရှေးဟောင်းဆင်စွယ် ပန်းပုအလှလက်ရာတွေလည်း စုဆောင်းထားတယ်။

 

 

ရှေးဟောင်းလက်ရာတွေ ရှိနေပေမဲ့ အိမ်ဒီဇိုင်းမှာ ခေတ်ဆန်တာတွေ ရှိနေတယ်။ မြေအောက်ထပ်မှာ ကား ၁၂ စီးအထိ ဆန့်တဲ့ ကားဂိုထောင် ရှိပြီး ကားကို မြေညီထပ်နဲ့ မြေအောက်ထပ် တင်ဖို့ချဖို့ ကားအတင်အချ ဓာတ်လှေကားပြား တပ်ဆင်ထားတယ်။ ဝိုင်သိုလှောင်ခန်းလည်း မြေအောက်ထပ်မှာ ရှိနေပြီး ဝိုင်ပုလင်း ၂၀၀၀ နီးပါး ထားရှိတယ်။ အိမ်အပေါ်ထပ်ကို တက်ဖို့ ကြောင်လိမ်လှေကားကို ကဗျာဆန်ဆန် တပ်ဆင်ထားတယ်။ တစ်ဆစ်ချိုး သစ်သားလှေကားလည်း ရှိတယ်။ 

 

 

အခုလို ဘန်ဂလိုမျိုးတွေကို “good class bungalows”  လို့ သိကြပြီး အဲဒီ အခေါ်အဝေါ်ကို စင်ကာပူအစိုးရရဲ့ ၁၉၈၀ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ master plan မှာ တရားဝင်စတင်သုံးစွဲခဲ့ပါတယ်၊

ရည်ရွယ်ချက်က စင်ကာပူရဲ့ စီးပွားရေးကို အသားတင်တန်ဖိုး သန်းချီမြင့်မားတဲ့သူတွေ လာရောက်နေထိုင်ဖို့အတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။  ဘန်ဂလို လုံးရေ ၂၅၀၀ ခန့်ရှိနေပြီး အချို့ ဘန်ဂလိုတွေက သက်တမ်း ၁၀၀ ကျော်ပါပြီ။

 

တခြားနိုင်ငံတွေမှာတော့ ဘန်ဂလိုတွေဟာ ရိုးရိုးရှင်းရှင်း ခပ်ကုပ်ကုပ် နေတတ်သူတွေအတွက် ဖြစ်ပေနဲ့ စင်ကာပူမှာတော့ တစ်မူထူးပါတယ်။ ဘန်ဂလိုလို့ သတ်မှတ်ခံရဖို့ဆိုရင် ခြံဝင်းအကျယ်က အနည်းဆုံး ၁ ၄၀၀ စတုရန်းမီတာ (၁၅၀၇၀ စတုရန်းပေ)  ရှိရပါမယ်။

မြေနေရာအပြည့်နီးပါး အိမ်ကို ဆောက်လို့ မရဘူး။ ဘန်ဂလိုက မြေကွက်ဧရိယာရဲ့ ၃၅ % ထက် ကျော်လို့ မရဘူး။ နှစ်ထပ်ထက် ပိုမမြင့်ရဘူး။ ဈေးနှုန်းတွေက စင်ကာပူဒေါ်လာ သန်းဆယ်ဂဏန်း အောက်ကို မဆင်းဘူး။

 Good class bungalow ကို ပိုင်ဆိုင်တာဟာ သူဌေးဆိုတဲ့ ဂုဏ်ထက် ပိုတယ်။ ငွေပေါတိုင်း ဝယ်ချင်တိုင်း ဝယ်လို့ မရဘူး။ ဝယ်မယ့်သူဟာ စင်ကာပူနိုင်ငံသား ဖြစ်မှသာ ဝယ်ခွင့် ရှိတယ်။ ဒီတော့ ဘန်ဂလိုနဲ့ နေချင်တဲ့ နိုင်ငံခြားသားသူဌေးတစ်ဦးအဖို့ ဘန်ဂလို မဝယ်ခင်မှာ နိုင်ငံသားအဖြစ် အရင်ခံယူထားဖို့ လိုတယ်။

ဖုန်စုပ်စက်အပါအဝင် အိမ်သုံး လျှပ်စစ်ပစ္စည်းကိရိယာတွေ ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်ပြီး ထုတ်ကုန်တွေက ဈေးကြီးလွန်းတဲ့ Dyson ထူထောင်သူ James Dyson ဟာ စင်ကာပူနိုင်ငံသားအဖြစ် ခံယူခဲ့ပြီး ဘန်ဂလို တစ်လုံး ဝယ်ယူပြီး နေထိုင်ပါတယ်။

ဘန်ဂလိုတွေထဲမှာ စံချိန်တင်တဲ့ ဈေးနှုန်းဖြစ်တဲ့ စင်ကာပူဒေါ်လာ ၂၃၀ ဖြင့် ပြီးခဲ့တဲ့နှစ်တုန်းက ဝယ်ယူခဲ့သူကတော့ စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားတဲ့ Facebook ပူးတွဲထူထောင်သူ Eduardo Saverin ဖြစ်ပါတယ်။ 

နိုင်ငံသားတွေကိုသာ ပိုင်ဆိုင်ခွင့် ပေးတာမို့ မိမိကိုယ်တိုင် စင်ကာပူနိုင်ငံသားအဖြစ် ခံယူပြီး ဘန်ဂလို ဝယ်တဲ့သူ ရှိသလို မိမိရဲ့ ဇနီးကို နိုင်ငံသားခံယူစေပြီး ဇနီးအမည်ပေါက်ဖြင့် ဝယ်ယူသူလည်း ရှိပါတယ်။

 

ဘန်ဂလို ပိုင်ရှင်တွေထဲမှ ထင်ရှားတဲ့ စီးပွားရေးသမားတွေ ပါဝင်တယ်။  United-Overseas Bank ဥက္ကဋ္ဌ ဖြစ်သူ Wee Cho Yaw ဟာ  Good class bungalow ကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ ရေနံစိမ်းဈေးတွေ ထိုးကျတာမှာ အရှုံးပြတာကြောင့် ပြိုလဲသွားတဲ့ Hin Leong Trading  စွမ်းအင်လုပ်ငန်းသူဌေး Lim Oon Kuin ဟာလည်း Good class bungalow ကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ 

 

scmp.com/news/asia/

 

 

Read 13283 times
Rate this item
(0 votes)