ဒလတံတားကြီး တည်ဆောက်နေချိန် ဒလမြို့တွင်းရှိ လမ်းမကြီးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်

ဒလတံတားကြီး တည်ဆောက်နေချိန် ဒလမြို့တွင်းရှိ လမ်းမကြီးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ‌MOI

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားကြီး တည်ဆောက်နေချိန် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ မြို့တွင်းရှိ လမ်းမ ကြီးကို ၄ လမ်းသွား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း နှင့် ရေစီးရေလာကောင်းမွန်စေရေး အုတ်ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတား ဆိုင်ရာ လုပ်ငန်း တာဝန်ခံ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

“ ဒလမြို့တွင်း လမ်းမကြီးအပိုင်းဖြစ်တဲ့ နာရီစင်ကနေ ဓနုတ်ကားလမ်းမကြီးဘက်ကို အကျယ်ပေ ၁၅၀၊ နာရီစင်ကနေ အတွင်း ဘက် သင်္ဘောဆိပ်သွားတဲ့ အပိုင်းကို အကျယ်ပေ ၁၀၀ ကွန်ကရစ် အပြည့် ခင်းကျင်း ဆောင် ရွက်သွားမှာဖြစ်ပါတယ်၊ နာရီစင် ဘက်ကနေ ဒလ-တွံတေးကားလမ်းမကြီး ဘက်ခြမ်းကို ဝဲ ၁၂ ပေ၊ ယာ ၁၂ ပေ ထပ်ချဲ့သွားဖို့ ဆောင်ရွက်နေပါပြီး၊ လေးလမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ချက်ချင်း အကောင် အထည်မဖော်နိုင်တဲ့ အားနည်းချက်က လျှပ်စစ်ဓာတ်တိုင်တွေ လမ်းဘေးမှာ ကပ်နေတဲ့ အတွက်ကြောင့် ဖယ်ရှားမပေးနိုင်သေးဘူး၊

 

ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် လမ်းတံတားနဲ့ လျှပ်စစ်ဌာနတို့ ချိတ်ဆက်မှုတွေ အားနည်းသွားတာလည်းပါတယ်၊ ဓာတ်တိုင်တွေ အုံပြီးတော့ အတွင်းဘက်မှာ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကိုဆောင်ရွက်နေပါပြီး၊ ဓာတ်တိုင်တွေ ရွှေ့ဖို့အတွက်လည်း စီစဉ် ထားပါတယ် ” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါ်မြင့်မြင့်ကြည် က ပြောကြားခဲ့သည်။

 

ဒလ-တွံတေးကားလမ်းမကြီး အဆင့်မြှင့်ဆောင်ရွက်ရန် ကျူးကျော်မှုများကိုရှင်းလင်း

“ဒလမြို့နယ်က မြို့ပြစီမံကိန်း ထဲမှာပါဝင်ပြီး၊ ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေးလည်းပါဝင်တယ်၊ ဒါကြောင့် ဒလမြို့နယ်ရဲ့ အခြေခံအဆောက်အဦးတွေ ဖြစ်ပေါ်ဖို့ အတွက် အများကြီး အဆင့်မြှင့်တင်ဖို့လိုလာပါတယ်၊ ရန်ကုန်မြို့ရဲ့ မြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ဒလမြို့နယ်က နှစ်ပေါင်း ၂၅ နှစ်လောက် ပစ်ပယ်ထားခြင်းခံထားခဲ့ရတယ်လို့ ခံစားရ တယ်၊ ဒလတံတားကြီးလည်း အကောင်အထည် ဖော်ဆောင်ရွက်လာပြီး ဖြစ်လို့ ဒလမြို့နယ်က ဒီအတိုင်းကြီးနေလို့မရတော့ဘူး၊ နှစ်ပေါင်း ၂၀ ကျော်လောက် လမ်းမကြီးပေါ်မှာ ကျူးကျော် နေကြတဲ့သူတွေ အရမ်းများလာခဲ့တယ်၊ ဒလ-တွံတေးကားလမ်း၊ ဒလ-ဓနုတ် ကားလမ်းနဲ့ ဒလ-ကနောင် လမ်းမကြီးတွေက သတ်မှတ်ထားတဲ့ လမ်းအကျယ်နယ်နမိတ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိဘူး၊ အားနည်းခဲ့ပါတယ်၊

 

အဓိက လမ်းပိုင်းမျက်နှာစာတွေ လမ်းမကြီးပေါ်မှာ စီးပွားကျူးနေသူတွေ၊ မိသားစု မပြေလည်လို့ လမ်းပေါ်ကျူး လမ်းဘေးကပ်ပြီး ဈေးရောင်းချနေကြတဲ့ ကျူးဈေးသည်တွေကို အဓိက ထားပြီးရှင်းရပါတယ်၊ ၂၀၁၉ ခုနှစ် ဧပြီလ နောက်ပိုင်းက စတင်ပြီး လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနဲ့ တိုင်ပင်ပြီး မြို့နယ်ပြည်သူတွေကို ခေါ်ယူ တွေ့ဆုံ ခဲ့တယ်၊ ၃ လ အတွင်း ဖယ်ပေးဖို့ သတိပေးစာ(၃)ကြိမ် ထုတ်ပါတယ်၊ အမှိုက်လိုဖြစ်နေတဲ့ လမ်းမကြီးရဲ့ မျက်နှာစာကို ဌာနဆိုင်ရာ ဝန်ထမ်းအင်အား၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ စည်ပင်သာယာဝန်ထမ်းများရဲ့ အင်အားနဲ့ ရှင်းနိုင်ခဲ့ပါတယ်၊ ခုလက်ရှိအချိန်မှာ မြေသားဖို့ပြီ ကွန်ကရစ်လမ်းခင်း တဲ့အထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

လက်ရှိ အချိန်တွင် နာရီစင်မှ တွံတေးဘက်သို့ သွားသော လမ်းပိုင်းရှိ ကျူးကျော်များကို ရှင်းလင်းခဲ့ရာ ၇၀ ရာခိုင်နှုန်း လမ်း မျက်နှာစာတန်းကို ပြန်လည်ယူနိုင်ခဲ့ပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုးစားခဲ့ရကြောင်းသိရသည်။

 

မြို့ကွက်ဖော်ဆောင်မှု အားနည်းခဲ့

“၁၉၈၉-၉၀ မြို့ကွက်ဖော်ခဲ့တုန်းက စနစ်တကျဖြစ်အောင် အကွက်ဖော်မှု အားနည်းခဲ့တဲ့ အတွက်ကြောင့် လမ်းက တစ်ချို့နေရာ တွေမှာ ပေ ၁၀၀ အထက် ရှိသလို၊ တစ်ချို့နေရာတွေမှာ ပေ ၁၀၀ မရှိခဲ့ဘူး၊ မြို့တွင်းလမ်းက ပေ ၁၀၀ ဆိုပေးမယ့် နာရီစင်ကနေ အတွင်းလမ်း တစ်လမ်းဖြစ်တဲ့ ပေ ၅၀ လမ်းရှိတယ်၊ အတွင်းလမ်းတွေက စီးပွားဖြစ်ကျူးပြီး အိမ်ဆောက် ပစ္စည်းတွေ၊ ဆိုင်တွေ၊ အငှားဆိုင်တွေ ဖွင့်ပြီး မျက်နှာစာတန်းရဲ့ အတွင်းဘက်ကို အကုန်ယူပြီး စီးပွားရှာနေတာဖြစ်လို့ ပျောက်လုနီးပါးဖြစ်နေတယ်၊

 

မြေပုံထဲက အတွင်းလမ်းကို ဖျောက်လို့မရဘူး၊ စည်ပင်သာယာဥပဒေအတိုင်း လမ်းနယ်ကို ယူဖို့အတွက် ပြီးခဲ့တဲ့ ၄ လ ကတည်း က ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီကို တင်ပြထားသလို၊ လမ်းရဲ့ နယ်နမိတ်ကို သတ်မှတ်ပြီးတော့ လမ်းကို ပြန်လည်ဖော်ဆောင်ဖို့ လုပ်ခဲ့ပါတယ်၊ ၂၀၂၀-၂၀၂၁ ဘက်ဂျက်ထဲမှာ အတွင်းလမ်းရဲ့ ပေ ၇၅၀၀ ကို လမ်းနယ် ပြန်ဖော်ဖို့ တင်ပြထားတယ်၊ လမ်းကမူလနေရာလည်းရှိပြီး၊ ဘက်ဂျက်လည်းကျလာပြီးဆိုရင် တရားဝင်စာလည်း တင်ထားပြီးဖြစ်တဲ့ အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစ်လိုအပ်တဲ့ လမ်းကို ခင်းဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဒေါ်မြင့်မြင့်ကြည်က ဆိုသည်။

 

ဒလတံတားတည်ဆောက်ချိန် မြို့တွင်းရှိ လမ်းများ အဆင့်မြှင့်တင်သွားမည်

မြို့နယ်စည်ပင်သာယာရေးကော်မတီ လမ်းတံတားအင်ဂျင်နီယာဌာန ဦးစီအရာရှိ ဦးမောင်မောင်လွင် က “နာရီကနေ ဒလ-တွံတေးကားလမ်းက လမ်းနယ် ပေ ၁၅၀ အကျယ်၊ နာရီ စင်မှ သင်္ဘောဆိပ်အထိ လမ်းနယ် ပေ ၁၀၀ အကျယ် ဖြစ်ပါတယ်၊ ဒလ-ဓနုတ် ကားလမ်းက လမ်းနယ် ပေ ၁၅၀ အကျယ်ရှိပါတယ်၊ ဒလတံတားကြီးဆင်းလာလို့ နာရီစင်က လမ်းဆုံဖြစ်တဲ့ အကျယ်အဝန်း ရှိဖို့လိုအပ်ပါတယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ နာရီစင်မှ မှော်စက်ရပ်ကွက် ဗန္ဓုလ လမ်းထိပ်အထိ အလျား ပေ ၁၅၀၀၊ နာရီစင်မှ စက်မြေရပ်ကွက် ဆရာစံလမ်းထိပ် အထိ အလျား ပေ ၁၀၀၀ ကို ပထမအကြိမ်အနေနဲ့ ဆောင်ရွက်နေပါတယ်၊ မူလရှိပြီးသား ယာဉ်သွားလမ်း ပေ ၃၀ အကျယ် ရဲ့ ဝဲ၊ ယာကို ၁၂ ပေစီ တိုးချဲ့ပြီး စုစုပေါင်း ယာဉ်သွား လမ်း ၄ လမ်းသွားအဖြစ် ၅၄ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါတယ်၊ လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ မြို့တွင်းမှာရှိတဲ့ လမ်းမကြီး အပိုင်းတွေကို ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆက်လက် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါ တယ် ” ဟု ပြောသည်။

 

မြို့တွင်းလမ်းမကြီး အရှည် ပေ ၇၅၀၀ ကို ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်ရေမြောင်း ဝဲယာ ပေအရှည် ၃၅၀၀ ကို အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အုတ်ရေမြောင်း လုပ်ငန်းအနေဖြင့် ၅၀ ရာခိုင်နှုန်းပြီးစီးကြောင်း၊ လမ်းဧရိယာ ချဲ့ထွင်းနိုင်ရန် စက်ယန္တရာများဖြင့် မြေဖို့ခြင်းနဲ့ မြေသားညှိခြင်း၊ မလွတ်ကင်းသော သစ်ပင်များ ခုတ်ထွင်း ရှင်းလင်းခြင်း၊ မြို့တွင်း ဒလ-တွံတေးကားလမ်းမကြီးကို ယာဉ်သွားလမ်း (၄)လမ်းသွား အကျယ် ပေ ၁၀၀ အထိ ကွန်ကရစ်လမ်း အပြည့်ခင်း ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့တွင်းရှိ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ရန်လိုအပ်

“မြို့တွင်းမှာရှိတဲ့ ရပ်ကွက်များမှာ ရေစီးရေလာပိုင်းကို လုပ်နိုင်ဖို့အတွက် ကျူးကျော်တွေကို ဖယ်မှ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက် အောင် လုပ်နိုင်မယ့် အခြေအနေရှိပါတယ်၊ ရပ်ကွက်တွေရဲ့ အတွင်းလမ်း၊ ရပ်ကွက်တွေမှာရှိတဲ့ ကျူး အရင်တုန်းက ကောက်ထားတုန်းက စမတ်ကဒ်ပြားပါတာနဲ့ မပါတာ ၁၂၀၀၀ ကျော် အိမ်ထောင်စုတွေရှိတော့၊ ဒီကျူး လူဦးရေ ၃၀၀၀၀ ကျော် ကို ဘယ်နေရာမှာ စနစ်တကျ အကောင်အထည်ဖော်ပြီးတော့ နေရာချထားပေးမှ ဒလတံတားနဲ့အတူ ရေစီးရေလာမြောင်းတွေ မြို့ပြစီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုလည်း စည်ပင်သာယာက ဖြည့်ဆည်းပေးချင်တယ်၊

 

သူတို့တွေမှာလည်း ပူပန်သောကတွေရှိနေကြ တယ်၊ နှစ်ပေါင်း ၂၀ ကျော်လောက် ကျူးလာတဲ့အတွက် မြောင်းပျောက်ပြီး ဆယ်ပေ လမ်းကြားပါ ပျောက်တဲ့ အထိဖြစ်လာပါတယ်၊ အမှိုက် နဲ့ ရေစီးမြောင်းတွေ အလွယ်တကူ တစ်ပြေးညီလိုက်ပါနိုင်ဖို့အတွက် ဆိုရင် ဒီနှစ်နှစ် အတွင်းမှာ ကျူးတွေရဲ့ နေထိုင်မှု ၊ အလုပ်အကိုင် မျှော်လင့်ချက်တွေ မပျောက်ဆုံးအောင် ဘယ်နေရာကို အကောင် အထည်ဖော်သင့်လည်း၊

 

ဘယ်လိုစီမံကိန်းတွေချထားသင့်လည်းဆိုတဲ့ စည်ပင်သာယာရေး ကော်မတီနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းတစ်ခုအနေနဲ့ Plan ချပြရင် မကြာမီ နှစ်နှစ်ကို ရောက်လာမယ့်အချိန်မှာ ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတား၊ အခြေခံအဆောက်အဦဖြစ်တဲ့ အခြေခံအကျဆုံး လမ်း၊ မီး၊ ရေ၊ လျှပ်စစ်အပိုင်း၊ ကျူးအိမ်ရာတွေရဲ့ ပြဿနာ၊ အလုပ် အကိုင်၊ အခွင့်အလမ်းများကို အကောင်အထည်ဖော် ပေးနိုင်ရင် ပြည်သူတွေကို အသိပေးနိုင်တဲ့အခြေအနေဖြစ်ခဲ့ရင် ဒီထက် အလားအလာကောင်းတဲ့ အောင်မြင်မှုတစ်ရပ်ကို ချီတက်နိုင်မယ်လို့ ယုံကြည်မိပါတယ်” လို့ ပြောကြားသည်။

 

‌MOI

Read 4217 times
Rate this item
(0 votes)