ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဗန္ဓုလတန်ဖိုးနည်းအိမ်ရာတွင် နေထိုင်ခွင့်မရသေးသူများအား အမြန်ဆုံးဆောင်ရွက် ပေးမည်

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဗန္ဓုလတန်ဖိုးနည်းအိမ်ရာတွင် နေထိုင်ခွင့်မရသေးသူများအား အမြန်ဆုံးဆောင်ရွက် ပေးမည်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်

မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဗန္ဓုလတန်ဖိုးနည်းအိမ်ရာတွင် စည်းကမ်းနှင့်အညီ စာရင်းပေးသွင်း၍ မဲပေါက်ထားသော်လည်း ယခုအချိန်ထိ နေထိုင်ခွင့်မရသေးသည့် မိသားစုများအား အမြန်ဆုံးနေထိုင်ခွင့်ရစေရန် သက်ဆိုင်ရာက အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ ” မေးမြန်းရာ

 

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ရန်ကုန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဗန္ဓုလတန်ဖိုးနည်း အငှားအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က (၂၃.၁၂.၂၀၁၅) ရက်နေ့တွင် ကန်ထရိုက်တာများနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ

 

(၆)ခန်းတွဲ (၄)ထပ် အဆောက်အဦ(၅၀)လုံး (RC Structure (၃၅)လုံးနှင့် Steel Structure (၁၅)လုံး) အခန်းပေါင်း (၁၂၀၀) ခန်းပါဝင်ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းပြီးစီး၍ နေထိုင်ခွင့် ရရှိသူများနေရာချထားရန်အတွက် စစ်ဆေးခဲ့ရာ Steel Structure (၁၅) လုံးမှာ Joint Connection များ ကြံ့ခိုင်မှုအားနည်းနေကြောင်းတွေ့ရှိရပါသဖြင့်

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Myanmar Engineering Society (MES)နှင့် Myanmar International Consulting Engineers Group (MICEG)သို့ ကြံ့ခိုင်မှုအား ပြန်လည်စိစစ်ပေးရန် တာဝန်ပေးအပ်ခဲ့ပြီး ပြန်လည်ပြင်ဆင်ရန် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်ပြီးစီးမှုအရ MICEG မှ တည်ဆောက်ရေးကုမ္ပဏီ (၅)ခုက တာဝန်ယူပြင်ဆင်ပြီး လိုအပ်သည့် ကြံ့ခိုင်မှုများကို ထပ်မံဆောင်ရွက်ပါကြောင်း၊

 

ပြည်သူများနေထိုင်မည့်အဆောက်အဦ ဖြစ်သည့်အတွက် ကြံ့ခိုင်မှုမရှိသေးလျှင်နေထိုင်ခွင့်မပြုနိုင်သောကြောင့် အကြိမ်ကြိမ်စစ်ဆေးပြီး (MICEG) ကုမ္ပဏီ(၅)ခုက ပြင်ဆင်ထားသည့် စာရွက်စာတမ်း အထောက်အထားများကို စိစစ်ရပါကြောင်း၊

 

မြေပြင်ကွင်းဆင်းစိစစ်ပြီး အဆောက်အဦများ ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှု စာရွက်စာတမ်းများ ပြည့်စုံပါကြောင်းနှင့် ဗန္ဓုလအငှားအိမ်ရာ Steel Structure အဆောက်အဦ (၁၅)လုံးအား ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများအားလုံး ပြီးစီးသွားပြီ ဖြစ်ပါကြောင်းနှင့်

 

Welding ပိုင်းနှင့် Structure ပိုင်းတို့သည် လက်ခံနိုင်သည့် အခြေအနေရှိပါကြောင်း(MICEG)မှ ထောက်ခံတင်ပြလာပါသဖြင့် အဆိုပါတိုက် (၁၅)လုံးရှိ အိမ်ခန်းငှားရမ်း နေထိုင်ခွင့်မဲပေါက်သူများအား အခန်းငှားချထားနိုင်ရေး၊ ဆောင်ရွက်ခွင့်ပြုနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ လမ်းညွှန်မှုခံယူခဲ့ရာ မဲပေါက်နေထိုင်ခွင့်ရရှိသူများကို

 

နေရာချထားရန် သဘော တူညီချက်အရ (၆.၂.၂၀၂၀) ရက်နေ့ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာခဲ့ပြီး (၁.၃.၂၀၂၀) ရက်နေ့မှစ၍ လာရောက်ဆက်သွယ်သူများကို အိမ်ငှားနေထိုင်ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊

 

တိုက်အမှတ်(၁၅)တွင် နေထိုင်ခွင့်ပြုသည်ဆိုသည်မှာ အဆောက်အဦ(၁၅)လုံးတွင် ကြံ့ခိုင်မှုအစဉ်အလိုက် ပြုပြင်ဆောင်ရွက်ပြီးစီးမှု အစဉ်အလိုက်အပ်နှံသည့်လုပ်ငန်းများအား နေထိုင်ခွင့်ပြုခဲ့ခြင်းသာဖြစ်ပါကြောင်း’’ ပြန်လည် ဖြေကြားခဲ့ ပါသည်။

 

ဆက်စပ်မေးခွန်းအနေဖြင့် ဗန္ဓုလအငှားအိမ်ရာတွင် လူဦးရေများပြားပြီး ကလေးသူငယ် များလည်း များပြားသည့်အတွက် ကလေးကစားကွင်းပန်းဥယျာဉ်နှင့်အတူ ဈေးဆောက်လုပ်ပေး နိုင်ရန်အစီ အစဉ် ရှိ/မရှိ မေးမြန်းရာ ဝန်ကြီးက ဗန္ဓုလအငှားအိမ်ရာတည်ဆောက်ရေးအတွက် မူလ Master Plan တွင် ဈေးပါရှိပြီး

 

အားကစားကွင်းမပါရှိပါကြောင်း၊ အဆောက်အဦသည် ယခင်အစိုးရ လက်ထက်တွင် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပူးပေါင်းပြီး တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ဈေးနှင့်ပတ်သက်၍ ဆောင်ရွက်နေပြီဖြစ်ပါကြောင်းနှင့် အားကစားကွင်းကိုလည်း အမြန်ဆုံးဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ရန်ကုန်လွှတ်တော်

By Myanmar Builder Guide

Read 293 times
Rate this item
(0 votes)