ဒေါက်တာ လဲ့လဲ့မော် နှင့် GGS ကုမ္ပဏီမှတာဝန်ရှိသူ သုံးဦးအပေါ် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်

ဒေါက်တာ လဲ့လဲ့မော် နှင့် GGS ကုမ္ပဏီမှတာဝန်ရှိသူ သုံးဦးအပေါ် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်

ဒေါက်တာ လဲ့လဲ့မော် နှင့် GGS တာဝန်ရှိသူနှစ်ဦး၊ GGS ကုမ္ပဏီ မန်နေဂျာတို့အပေါ် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက ယနေ့အမိန့် ချမှတ်လိုက်ကြောင်းသိရသည်။ 

 

ဒေါက်တာလဲ့လဲ့မော် တရားစွဲခံရတဲ့အမှု လေးမှုအတွက်တစ်မှုလျှင်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန်၊ အမှုလေးခုအနက် တတိယနှင့် စတုတ္ထ အမှုတို့ကို တစ်ပေါင်းတည်းကျခံရန်၊ စုစုပေါင်း နှစ် ၃၀ ကျခံစေရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။

 

တတိယနှင့် စတုတ္ထအမှုတွင် GGS ကုမ္ပဏီမှ တာဝန်ရှိသူ သုံးဦး ပါဝင်သည်။ တတိယနှင့် စတုတ္ထအမှုတို့အတွက် GGS ကုမ္ပဏီမှ မန်းနေဂျင် ဒါရိုက်တာ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်ကို ၁၀ နှစ်စီ တစ်ပေါင်းတည်း ကျခံရန် ချမှတ်ခဲ့သည်။ စတုတ္ထအမှုတွင် ပါဝင်သော GGS ကုမ္ပဏီ မန်နေဂျာ ဦးသူရအုံကိုမူ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့သည်။ စတုတ္ထ အမှုတွင် ပါဝင်သော ဒေါက်တာ လဲ့လဲ့မော် မိသားစုပိုင် သရက်ချောင်းနေအိမ်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူရန် တရားရုံးက ဆုံးဖြတ်သည်။

 

စွဲဆိုသည့်အမှုလေးမှုမှာ ပထမအမှု လမ်းဦးစီးသို့ ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှု၊ ဒုတိယအမှု လေယာဉ်ကွင်း ခြုံရှင်းသည့်အမှု၊ တတိယအမှု GGS သဘာဝဓာတ်ငွေ့အကြွေးကိစ္စနှင့် စတုတ္ထအမှု သရက်ချောင်း အိမ်ခြံနှင့် GGS တင်ဒါကိစ္စတို့ ဖြစ်သည်။

 

ပထမအမှုမှာ လမ်းဦးစီးဌာနအား ငွေ နှစ်ဘီလီယံ နီးပါးတစ်လုံး တစ်ခဲတည်းချပေးခဲ့ပြီး ခင်ပွန်း အမည်ဖြင့်ဝယ်ထားသည့်မြေကွက်ကို လမ်းဦးစီးအား အုတ်ခြံစည်ရုံးကာပေးရန်စေခိုင်းခဲ့မှုဖြင့် တရားစွဲခဲ့ပြီး တရားလိုနှင့် တရားခံပြ သက်သေ စုစုပေါင်း ၂၂ ယောက်ကို စစ်ဆေးခဲ့သည်။

 

ဒုတိယ အမှုမှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သိန်း လေးထောင်ကို အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းသည့် အမှု ဖြစ်ပြီး တရားလိုနဲ့တရားခံပြသက်သေစုစုပေါင်း ၂၀ ဦးကို စစ်ဆေးခဲ့သည်။ လက်ရှိဝန်ကြီးချုပ်ဦးမြင့်မောင်လည်း တရားခံပြ သက်သေအဖြစ် အစစ်ခံခဲ့သည်။

 

တတိယ အမှုမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် တိုင်းအစိုးရအဖွဲ့နှင့် GGS ကုမ္ပဏီတို့ ချုပ်ဆိုသည့်စာချုပ်ကိစ္စဖြစ်သည်။ တရားလိုနှင့် တရားခံပြ သက်သေ စုစုပေါင်း ၂၇ ဦးကို စစ်ဆေးခဲ့သည်။

 

စတုတ္ထအမှုကမှာ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် အိမ်နဲ့မြေကို GGS ကုမ္ပဏီကို ရောင်းချပြီးနောက် ကုမ္ပဏီကို ဆောက်လုပ်ရေး လုပ်ငန်းတွေ ချပေးသည့် စွပ်စွဲချက်ဖြစ်သည်။ တရားလိုနှင့်တရားခံပြသက်သေ စုစု ပေါင်း ၂၆ ဦးကို စစ်ဆေးခဲ့သည်။

 

အထက်ပါအမှုလေးမှုလုံးအတွက် ဒေါက်တာလဲ့လဲ့မော်ကို အဂလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့တဲ့ ၂၀၁၉ မတ်လက သမ္မတ ခွင့်ပြုချက်ဖြင့် ဒေါ်လဲ့လဲ့မော်ကို ဖမ်းဆီးခဲ့ပြီး ဝန်ကြီးချုပ်ရာထူးကိုလည်း ရပ်ဆိုင်းခဲ့သည်။

 

GGS ကုမ္ပဏီသည် ဒေါ်လဲ့လဲ့မော်ကို လာဘ်ပေးပြီး တနင်္သာရီတိုင်းအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်အခွင့်အရေး အမျိုးမျိုး ရယူခဲ့ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် ဒေါ်လဲ့လဲ့မော်နှင့် အတူ Global Grand Services(GGS) ကုမဏီမန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့်မန်နေဂျာ ဦးသူရအုံတို့ကို အဂတိလိုက်စားဖြစ်အောင်အားပေးအားမြှောက်ပြုမှု ပုဒ်မ ၅၆/၆၃ တို့နဲ့ အသီးသီးစွဲချက်တင်ခဲ့သည်။

 

အမှုကို တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ ရုံးချိန်းပေါင်း ၆၀ ကျော်နှင့် တစ်နှစ်ကျော်အကြာ စစ်ဆေးခဲ့ပြီး ယခုကဲ့သို့အပြီးသတ်အမိန့်ချမှတ်ခြင်းဖြစ်သည်။

 

ဒေါက်တာဒေါ်လဲ့လဲ့မော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ သရက်ချောင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ်သုံးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

Transcom News Journal

Read 1314 times
Rate this item
(0 votes)