မဲသရော - လှိုင်ကွယ် (ကရင်ပြည်နယ်အပိုင်း)အား ကတ္တရာကွန်ကရစ်လမ်း အဆင့်မြှင့်တင်ပြီးစီ

မဲသရော - လှိုင်ကွယ် (ကရင်ပြည်နယ်အပိုင်း)အား ကတ္တရာကွန်ကရစ်လမ်း အဆင့်မြှင့်တင်ပြီးစီ

မုဒုံ - ချောင်းနှစ်ခွ - မဲသရော - လှိုင်ကွယ်အပိုင်းအား မုဒုံ -ချောင်းနှစ်ခွ - မဲသရော - လှိုင်းကွယ်(ကော့ကရိတ်) လမ်းအဖြစ် အမည်ပြောင်းလဲသတ်မှတ်ပြီး မုဒုံ - မြဝတီလမ်း အမည်ကို ပယ်ဖျက်ပြီး ဖြစ်ပြီး မုဒုံ - ချောင်းနှစ်ခွ - မဲသရော - လှိုင်းကွယ်(ကော့ကရိတ်) လမ်းအပိုင်းအနက် မဲသရော - လှိုင်းကွယ် လမ်းအပိုင်းသည် ကရင်ပြည်နယ် အပိုင်းဖြစ်ကာ (၂၆)မိုင် (၃)ဖာလုံ ရှည်လျားသည်။

 

မဲသရော - လှိုင်းကွယ် အပိုင်းသည် ယခင်က အမာခံလမ်းနှင့် မြေသားလမ်း အဆင့်သာရှိပြီး အဆိုပါ လမ်းအပိုင်းရှိ ကျေးရွာ (၈)ရွာမှ ဒေသခံများအနေဖြင့် မိုးတွင်းကာလတွင် ခရီးသွားလာရခက်ခဲမှုများ ကြုံတွေ့ခဲ့ရသည်။

 

ယခင် (၂၀၁၁ - ၂၀၁၂)ဘဏ္ဏာရေးနှစ်မှ (၂၀၁၄ - ၂၀၁၅)ဘဏ္ဏာရေးနှစ်အထိ လမ်းဦးစီးဌာန၊ ကရင်ပြည်နယ် အနေဖြင့် လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများသာ ဆောင်ရွက်နိုင်ခဲ့ပြီး (၂၀၁၅ - ၂၀၁၆) ဘဏ္ဏာရေးနှစ်တွင် မြေသားတာဘောင် တင်ခြင်းလုပ်ငန်း (၂၁)မိုင်နှင့် ချောင်းကျောက်ခင်းခြင်း လုပ်ငန်း (၁၃)မိုင်တို့အား ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ယခု ပြည်နယ်အစိုးရ လက်ထက်တွင် လမ်းအဆင့်မြှင့်တင်မှု ဆောင်ရွက်ရေးမူဝါဒ အရ စီမံချက်များ ရေးဆွဲကာ (၂၀၁၆ - ၂၀၁၇)ဘဏ္ဏာရေးနှစ်တွင် ချောင်းကျောက်ခင်းရန် ကျန်ရှိနေသာ အပိုင်း (၈)မိုင်အား ဆက်လက်ဆောင်ရွက်ခြင်း၊ (၁၈)ပေကျယ် ကတ္တရာလမ်း (၅)မိုင် တည်ဆောက်ခြင်းနှင့် (၂)လမ်းသွား (၇)မီတာအကျယ် ကတ္တရာလမ်း တည်ဆောက်ခြင်းလုပ်ငန်း (၄)မိုင် စသည်များကို ပထမဦးစွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

အဆိုပါ လမ်းအပိုင်းသည် နယ်စပ်ကုန်သွယ်ရေး လမ်းတစ်လမ်း ဖြစ်ခြင်းကြောင့် လည်းကောင်း၊ နောင်တချိန် အသုံးပြုမည့် ယာဥ်(Traffic Volume) များပြားလာပါက သထုံ - ဘားအံ - ကော့ကရိတ် - မြ၀တီ စီးပွားရေးစင်္ကြံလမ်းပေါ် ယာဥ်ကြောပိတ်ဆို့မှုများ ဖြေလျော့လိုခြင်းကြောင့်လည်းကောင်း စသည့်ကိစ္စရပ်များအတွက် ရေရှည်မျှော်မှန်းကာ ကရင်ပြည်နယ် အစိုးရအဖွဲ့သည် မဲသရော - လှိုင်ကွယ်အပိုင်း (၂၆)မိုင် (၃)ဖာလုံအား (၂)လမ်းသွား ကတ္တရာကွန်ကရစ် (AC)လမ်းအဖြစ် အဆင့်မြှင့်တင်ရန် စီမံချက် ရေးဆွဲစေခဲ့သည်။

 

ဘားအံ(အိန္ဒု) - ကော့ကရိတ် လမ်းအပိုင်းကို (ADB)ချေးငွေဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ရာ ယင်းလမ်းအပိုင်း၏ နည်းပညာအတိုင်းဆောင်ရွက်ခွင့်နှင့် လမ်းလွှာပုံစံ၊ Mix Design များအား လမ်းဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခဲ့ရာ လမ်းပုံထုတ်ဌာနမှ နည်းပညာရပ်များ ပံ့ပိုးကူညီပေးခဲ့ပြီး အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့များ စေလွှတ်ပေးခဲ့သည်။

 

နည်းပညာအသစ်ဖြင့် ဆောင်ရွက်နိုင်ရန် လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်အနေဖြင့် ကတ္တရာကွန်ကရစ်ဖျော်စက်ခင်းစက်တစ်စုံသာရှိပြီး ဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းလုပ်ကိုင်ခွင့်ရသော Asia Steel Strength ကုမ္ပဏီတွင်လည်း ကတ္တရာကွန်ကရစ်ဖျော်စက်၊ ခင်းစက် တစ်စုံသာရှိကာ ဆောင်ရွက်ရမည့် လမ်းလွှာပုံစံမှာ Sub-baseအလွှာ အားဘိလပ်မြေ အားဖြည့်သဲနှင့် ခွဲကျောက်အရော (Cement Stabilized Crushed Rock Mix Design)ဖြင့် (၈.၂)မီတာအကျယ် (၈)လက္မထု ခင်းရမည်ဖြစ်ပြီး Base အလွှာအား ရွယ်စုံအားဖြည့် ခွဲကျောက်အရော (Well Graded Crushed Rock Mix Design)ဖြင့် (၇)မီတာအကျယ် (၆)လက္မထု ခင်းရမည် ဖြစ်သည်။

 

ယခုအခါတွင် ပြည်နယ်အစိုးရ၏ အနီးကပ် ကြီးကြပ်ပံ့ပိုးမှု၊ လမ်းဦးစီးဌာန၏ နည်းပညာနှင့် အရည်အသွေးပိုင်းဆိုင်ရာ ပံ့ပို့ထိန်းကျောင်းမှု၊ နည်းပညာပိုင်းဆိုင်ရာအတွက် Asia Steel Strength ကုမ္ပဏီ၏ ပူးပေါင်းဆောင်ရွက်ပေးမှုများကြောင့် လမ်းဦးစီဌာန၊ ကရင်ပြည်နယ်အနေဖြင့် မုဒုံ - ချောင်းနှစ်ခွ - မဲသရော - လှိုင်ကွယ် (ကော့ကရိတ်)လမ်း၏ ကရင်ပြည်နယ် အပိုင်းဖြစ်သော မဲသရော - လှိုင်ကွယ်အပိုင်း (၂၆)မိုင် (၃)ဖာလုံအား (၇)မီတာအကျယ် (၂)လမ်းသွား ကွန်ကရစ်လမ်းအဖြစ် (၂၀၁၉ - ၂၀၂၀)ဘဏ္ဏာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ယာဥ်ကြီး/ယာဥ်ငယ်များ သွားလာနေကြပြီဖြစ်ကြာင်း သိရသည်။

 

Transcom News Journal

Read 334 times
Rate this item
(0 votes)