မြိုင်မြို့နယ်၌ စိုက်ပျိုးမြေဧက ၁၇၀၀ အကျိုးပြုမည့် ကုန်ထုတ်လမ်းနှစ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

မြိုင်မြို့နယ်၌ စိုက်ပျိုးမြေဧက ၁၇၀၀ အကျိုးပြုမည့် ကုန်ထုတ်လမ်းနှစ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး Myanmaalinn

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနောက်ပိုင်းဒေသ များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (WSAP) ရန်ပုံငွေဖြင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာ၌ စိုက်ပျိုးမြေဧက ၁၇၀၀ အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်းနှစ်လမ်းကို ၂၀၂၀ ပြည့် နှစ် ဇွန်လမှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှုရန်ပုံ ငွေအဖွဲ့(IFAD)တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၆ ဒသမ ၂၅ သန်းဖြင့် မြိုင် မြို့နယ်အတွင်းရှိ

 

ကျောက်ဆောက်ကျေးရွာကုန် ထုတ်လမ်း အရှည် နှစ်မိုင် လေးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေခြောက် လက်မ ထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်း၊ ညောင်ညိုတောကျေးရွာ ကုန်ထုတ်လမ်း အရှည် တစ်မိုင် အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေခြောက်လက်မထု၊

 

မြေနီကျောက်စရစ် ကိုး လက်မထု ခင်းခြင်းနှင့် ကုန်ထုတ်တံတားအဖြစ် ရေထုတ်ပြွန်ပါတံတား လေးစင်း၊ ရေပြွန်လေးစင်း၊ အရှည် ၂၀၀ အကျယ် ၁၈ ပေရှိ ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင် သည့် Well-Set ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းထွန်းက ပြောသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီး မှူး ဦးမျိုးအောင်၊ ဒုတိယညွှန်ကြားရေးမှူး (နည်း ပညာ)ဦး‌အောင်ကြီးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူများက ထန်းတောကုန်းကျေးရွာ၊ ငမို့ကြီးကျေးရွာနှင့် ငမို့လေး‌ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြား သည်။

 

အဆိုပါ ကျောက်ဆောက်ကျေးရွာနှင့် ညောင် ညိုတော်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်မှုကြောင့် အကျိုးပြု ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၆၅၄၊ လူဦးရေ ၃၂၄၅ ဦးတို့၏ စိုက်ပျိုး မြေ ဧက ၁၇၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန်တွေကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)(Myanmaalinn )

Read 278 times
Rate this item
(0 votes)