ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ချင်း ဆက်သွယ်မည့် တွံတေးတူးမြောင်းကူး တံတားတစ်စင်း တည်ဆောက်မည်

ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ချင်း ဆက်သွယ်မည့် တွံတေးတူးမြောင်းကူး တံတားတစ်စင်း တည်ဆောက်မည် MOI

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့သို့ ဆက်သွယ်မည့် တွံတေး တူးမြောင်းကူး တံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မှ စတင်ပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

 

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိပြီး အကျယ်အဝန်းမှာ ၃.၀၄ စတုရန်းမိုင် ကျယ်ဝန်း ပြီး အရှေ့မှ အနောက်သို့ ၃.၂ မိုင် ရှိပြီး၊ တောင်မှ မြောက်သို့ ၂.၃ မိုင် ရှည်လျားသည်။ မြို့နယ်၏ အရှေ့ဘက်တွင် ရန်ကုန်မြစ် နှင့် ဒလမြို့နယ်၊ အနောက်ဘက်တွင် တွံတေးမြို့နယ်၊ တောင်ဘက်တွင် တွံတေးမြို့နယ် နှင့် ဒလမြို့နယ်၊ မြောက်ဘက်တွင် ရန်ကုန်မြစ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့နှင့် ထိဆက်လျက်ရှိကြောင်းသိရသည်။

 

ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က “ ဆိပ်ကြီးခနောင်တိုမြို့နဲ့ ဒလမြို့နယ်ချင်း ဆက်သွယ်ပေးမယ့် တွံတေးတူးမြောင်းကူး တံတားကြီး က ဆိပ်ကြီး ခနောင်တိုမြို့နယ်သားတွေအတွက် မဖြစ်မနေလိုအပ်ပါ တယ်၊ မြို့နယ်မှာက ရပ်ကွက်ပေါင်း ၉ ရပ်ကွက်ရှိပြီး အိမ်ထောင်စုပေါင်း ၁၀၀၀၀ ကျော်၊ လူဦးရေ စုစုပေါင်း ၃၀၀၀၀ ကျော် နေထိုင်လျက်ရှိတယ်၊ ရန်ကုန်မြို့ကို သွားလာရာမှာလည်း စက်တပ်သမ္ဗန်စီးပြီး သွားလာနေ ရတာ ဖြစ်တယ်၊ ဒေသခံပြည်သူတွေရဲ့ ရေသန့်ရရှိမှုက အရမ်း အခက်အခဲရှိတယ်၊ ကန်ရေကို အဓိက အားထားပြီးသုံးနေရတာ ရေသန့် ဆိုရင်လည်း ဝယ်ယူသောက်သုံး နေကြရတာ ဖြစ်တယ်၊ ဒီတံတား ကြီး တည်ဆောက်ခြင်းဖြင့် ရေပိုက်လိုင်းပါ တပ်ဆင်ပါလာ မှာဖြစ်တဲ့အတွက် သောက်သုံးရေသန့် ကို ရရှိလာမှာဖြစ်သလို တံတားတည်ဆောက် ပြီးစီးရင်လည်း ဒေသခံပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ် ” ဟု ပြောသည်။

 

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ အထွေထွေလုပ်သားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများစွာတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေး မြို့တော် ရန်ကုန်မြို့သို့ ရေလမ်းကြောင်းခရီးဖြင့်သော စက်တပ်သမ္ဗန်များဖြင့်သာ ယနေ့အချိန်ထိ ကူးသန်းသွားလာ ကြရဆဲပင်ဖြစ်သည်။ နွေရာသီတွင် သောက်သုံးရေရှားပါးမှုဒဏ်၊ မိုးရာသီမှာ လေဒဏ်၊ မိုးဒဏ်၊ လှိုင်ဒဏ်နှင့် ဆောင်းရာသီကာလတွင် မြူနှင်းပိတ်မှုကြောင့် ခရီးသည်ပြည်သူများစွာ တို့မှာ အသက်အန္တရာယ်နှင့်ရင်းပြီး ရန်ကုန်မြို့ရှိ လုပ်ငန်းခွင်အသီးသီး သို့ မိုးလင်းမှ မိုးချုပ်အချိန်ထိ ရန်ကုန်မြစ်အတွင်း စုန်ဆန်သွားလာ နေရခြင်းဖြစ်သည်။

 

ဒလမြို့သူမြို့သားများအတွက် (ဒလ) မြစ်ကူးတံတားကြီးသည် အိမ်မက်တံတားကြီး တစ်စင်း ဖြစ်သလို ဒလမြို့နယ် နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်အချင်းချင်း ဆက်သွယ်ပေါင်းကူးပေးမည့် တွံတေးတူးမြောင်းပေါ်မှ ဖြတ်သန်း သွားလာနိုင်သော တံတားတစ်စင်း သည်လည်း ဆိပ်ကြီးခနောင်တိုမြို့သူမြို့သားများ၏ အိမ်မက်တံတား တစ်စင်းပင် ဖြစ်ပေသည်။

 

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြစ်တစ်ဖက်ကမ်းနှင့် တွံတေး တူးမြောင်းနှင့် ခနောင်တိုချောင်း ဆုံရာတွင် တည်ရှိပြီး တွံတေး တူးမြောင်းကို ဖြတ်ကျော်ပြီး ဒလမြို့နယ်နှင့် ချိတ်ဆက်၍ ကူးသန်းသွားလာနိုင်မည့် တံတား တစ်စင်းမှာ လိုအပ်လျက်ရှိရာ လက်ရှိအချိန်တွင် တံတားတည်ဆောက်မည့် မြေနေရာအား သက်ဆိုင် ရာများနှင့် ညှိနှိုင်း ပေါင်းစပ်မှုများ၊ လေ့လာဆန်းစစ်မှုများ ပြုလုပ် လျက်ရှိပြီး ဇူလိုင်လ ၉ ရက်နေ့က တံတား တည်ဆောက်မည့် လမ်းအူကြောင်းမြေနေရာအား ဒလမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး၊ ဆိပ်ကြီး ခနောင်တို မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်စန္ဒာမင်း၊ ဦးထွန်းရင်၊ ဦးထွေးတင် နှင့် တံတားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

 

ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး က “ ဒီတံတားက ခေတ်အမီဆုံး တံတား ပုံစံနဲ့ တည်ဆောက်မယ်လို့သိရတယ်၊ ထူးခြားချက်က ဆိပ်ကြီးခနောင်တိုမြို့နယ်ကို ရေပေးဝေတဲ့ ပိုက်လိုင်းတွေ ပါမယ်၊ ဒီတံတားက ဆိပ်ကြီးခနောင်တိုမြို့က ပြည်သူတွေ က ရန်ကုန်မြို့ထဲကို သွားမယ်ဆိုရင် လှိုင်သာယာ ဘက်ကနေ ပတ်ပြီး သွားစရာမလိုတော့ဘူး၊ ဒလက နေတစ်ဆင့် ကူးလာကြမှာဖြစ်တယ်၊ ဒလတံတားကြီးက ၂၀၂၂ အောက်တိုဘာလမှာ ပြီးမယ့်အတွက် ဒလတံတားကြီးကနေတစ်ဆင့် ပတ်သွားနိုင်မှာ ဖြစ်တယ်၊

 

တံတားမရှိခင်က စက်တပ်သမ္ဗန်များကို အသုံးပြုကြရတာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး ဒုက္ခတွေရှိတယ်၊ သမ္ဗန်နဲ့သွားပြီး အလုပ်လုပ်ရတာ၊ သဘာဝကို မလွန်ဆန်နိုင်ဘူး ရာသီဥတု မုန်တိုင်းအတားအဆီး တွေရှိတာ ဖြစ်တဲ့အတွက် တံတားကြီးရှိနေရင် အချိန်မရွေး သွားလာလို့ရပြီ၊ အဲ့ဒီဒုက္ခတွေက ကင်းဝေးသွားမှာ ဖြစ်ပါတယ်၊ တံတားကြီးနှစ်စင်း တည်ဆောက်ပြီးစီးရင် ဒလဘက်ကမ်းနဲ့ ဆိပ်ကြီးခနောင်တို ဘက်ကမ်း၊ ဒလဘက်ကမ်းနဲ့ ရန်ကုန်ဘက်ကမ်းတို့ဟာ အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်သွားမှာဖြစ်တယ် ” ဟု ဆိုသည်။

 

ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ဒလမြို့နယ်တို့သို့ ဆက်သွယ်တည်ဆောက် မည့် တွံတေးတူးမြောင်းကူး တံတား အမျိုးအစားမှာ သံမဏိ သံပေါင် တံတား၊ ၂ လမ်းသွားဖြစ်ပြီး၊ ဂျပန်နိုင်ငံ၌ နောက်ဆုံး တည်ဆောက် နေသော တံတားဒီဇိုင်းဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ တံတား အရှည် ၇၇၅ မီတာ၊ အကျယ် ၁၀ မီတာ၊ ချဉ်းကပ်လမ်း အပါအဝင် စုစုပေါင်း အရှည် ၂၅၄၂ ပေ ရှိပြီး စုစုပေါင်း ငွေကျပ် ၂၅ ဘီလီယံ ကုန်ကျမည်ဖြစ်ရာ အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေး အဖွဲ့(၁) မှ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ငွေကျပ်သိန်း ၅၀၀၀ ချထားပေးခဲ့ပြီး ယခုအခါ မြေနေရာ ရှင်းလင်းခြင်း၊ စီမံကိန်းနေရာ သတ်မှတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

MOI Webportal Myanmar

Read 966 times
Rate this item
(0 votes)