တရုတ်ပြည်မှာ မိုးထိတိုက်တာတွေကို မီတာ ၅၀၀ ထက် ပိုမမြင့်ရန် ပြဌာန်းလိုက်တာ ဘာကြောင့်လဲ

Shenzhen's Ping An Finance Center Shenzhen's Ping An Finance Center

တရုတ်အစိုးရက တရုတ်ပြည်မှာ ဆောက်လုပ်မယ့် မိုးထိတိုက်တာတွေကို မီတာ ၅၀၀  (ပေ ၁၆၄၀ ) ထက် ပိုမမြင့်ရဘူးလို့

ပြဌာန်းလိုက်ပါတယ်။ property developers တွေ၊ ဗိသုကာလုပ်ငန်းတွေနဲ့ မြို့ပြစီမံသူတွေအတွက် လမ်းညွှန်ချက်အသစ်တစ်ရပ်အဖြစ် ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ပြဌာန်းချက်ဟာ တရုတ်ပြည်မှ မြို့ကြီးတွေအတွက် မီတာ ၅၀၀ အောက် ခေတ်ဆိုတဲ့ ခေတ်ကာလတစ်ခုကို စတင်လိုက်တာ ဖြစ်ပါတယ်။ 

 

အမြင့်ဆုံးအမြင့် ကန့်သတ်ချက်ကို ဘီကျင်းလို မြို့ကြီးတွေမှာ ကျင့်သုံးနေပါပြီ။ ၂၀၁၆ ခုနှစ်မှာ အလွန်အကျွံ မြင့်မားပြီး ကြီးမားလွန်းတာတွေ အဆုံးသတ်ဖို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။ ဗိသုကာဟန်ပန်တွေ တရုတ်ယဉ်ကျေးမှုကို ထင်ဟပ်ဖို့ကိုလည်း ညွှန်ကြားခဲ့တယ်။ အနောက်တိုင်းဗိသုကာ ဟန်ပန်တွေ ကူးချတာကိုလည်း ဝေဖန်တယ်။  အဲဒီ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီအောင် ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ ပြောင်းလဲပြုပြင် လုပ်ကိုင်ကြတယ်။

ညွှန်ကြားချက် အသစ်တွေဟာ အမြင့် ကန့်သတ်ဖို့အပြင် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ကိုလည်း ရည်ရွယ်ပါတယ်။ ဘယ်လိုကြီးမှန်း ပြောမရအောင် ထူးခြားနေတဲ့ ဗိသုကာဟန်ပန်တွေကိုလည်း တားမြစ်ထားပါတယ်။ 

 

 

အရွယ်အစား လျှော့ချခြင်း

======

မီတာ ၅၀၀ ထက်ပိုမြင့်တဲ့ တည်ဆောက်ပြီးစီး အဆောက်အဦ ၁၀ ခုမှာ ၅ ခုက တရုတ်ပြည်မှာ တည်ရှိပါတယ်။

ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးထိတိုက်တာ Shanghai Tower  ဟာ အမြင့် ၆၃၂ မီတာ ( ၂၀၇၃ ပေ ) ရှိတယ်။

ရှန်ကျန်းမြို့မှ Ping An Finance Center ဟာ ၅၉၉ မီတာ ( ၁၉၆၅ ပေ ) ရှိတယ်။

 

Ping An Finance Center 

 

ဘီဂျင်းမှာ ကမ္ဘာ့သတ္တမအမြင့်ဆုံး  မိုးထိတိုက်တာ Citic Tower ရှိတယ်။ တီယန်ကျင်းမှာ ကမ္ဘာ့နဝမအမြင့်ဆုံး မိုးထိတိုက်တာ  CTF Finance Center ရှိတယ်။

တရုတ်ပြည်မှာ ရှိတဲ့ တိုက်တာအမြင့်တွေမှာ ပြီးခဲ့တဲ့နှစ် စာရင်းအရ ၄၀ % ဟာ မီတာ ၂၀၀ ( ၅၆၅ ပေ ) နဲ့အထက် ရှိတဲ့ တိုက်တာတွေ ဖြစ်ကြောင်း Council on Tall Buildings and Urban Habitat (CTBUH) ရဲ့ အချက်အလက်များမှာ တွေ့ရတယ်။

ဘီဂျင်း မြို့လယ်ပိုင်း Central Business District မှာ အမြင့်မားဆုံးအမြင့် ကန့်သတ်ချက်ကို နောက်နောင် ဆောက်လုပ်မယ့် အဆောက်အဦတွေအတွက် ခွင့်ပြုချက် ရယူထဲ့အခါ ၁၈၀ မီတာ ( ၅၉၁ ပေ ) ထက် မကျော်ဖို့ ပြဌာန်းထားပါတယ်။

 

ဝူဟန်မှာ တည်ဆောက်မယ့် Wuhan Greenland Center ရဲ့ အမြင့်ကို ၆၃၆ မီတာ ( ၂၀၈၇ ပေ ) ပုံစံထုတ်ထားတာကို မီတာ ၅၀၀ အောက် လျှော့ချရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း စတင်နေပြီးချိန်မှာ လျှော့ချ သတ်မှတ်လိုက်တာ ဖြစ်လို့ ဒီဇိုင်းပုံစံ ပြန်ထုတ်ခဲ့ရတယ်။

စုကျိုမှ Suzhou Hungnam Center ဟာလည်း ၇၂၉  မီတာ ( ၂၃၉၂ ပေ ) အစား ၄၉၉ မီတာ ( ၁၆၃၇ ပေ ) သို့ လျှော့ချပေးခဲ့ရတယ်။

ချန်ဒူနဲ့ ရှန်ရန်းတို့မှာ တည်ဆောက်ဖို့ စီစဉ်နေတဲ့ မိုးထိတိုက်တာတွေလည်း အလားတူပင် အမြင့် လျှော့ချပြီး ဒီဇိုင်းပုံစံ ပြန်ထုတ်ခဲ့ရတယ်လို့  အစိုးရထုတ် လူပြိန်းကြိုက် သတင်းစာ Global Times မှာ ဖော်ပြထားတယ်။ 

 

ကန့်သတ်ချက်အသစ်တွေဟာ မိုးထိတိုက်တာတွေကို မလိုအပ်ဘဲ မြို့ဂုဏ်ဖော်ဖို့ တည်ဆောက်နေကြတာကို ဟန့်တားချင်တာဟာ အကြောင်းတစ်ချက် ဖြစ်ပါတယ်။ နောက်တစ်ချက်က စီးပွားရေးအရ တွက်သားကိုက်မယ့် ဒီဇိုင်းမျိုးတွေ ပေါ်ပေါက်စေလိုတာ ဖြစ်ပါတယ်။

ကုန်သွယ်ရေး စစ်ပွဲနဲ့ ကိုဗစ်ကြောင့် တရုတ်ပြည် စီးပွားရေး နှေးနေချိန်မှာ မိုးထိတိုက်တာတွေကို စီးပွားရေး တွက်ခြေကိုက်အောင် ဆောက်လုပ်စေလိုတယ်။ တိုက်တာရဲ့ အမြင့်အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတဲ့အခါ အပေါ်ဘက်မှာ ရှိနေတဲ့ အထပ်တွေအတွက် ကုန်ကျစရိတ်က ဆတိုး ကုန်ကျတယ်။ 

 

 

ရပ်ထားရတဲ့ မိုးထိတိုက်တာတွေ များနေ

===========

တရုတ်ပြည်မှာ ဆောက်လက်စ မိုးထိတိုက်တွေ အဆုံမသတ်နိုင်သေးဘဲ ဆောက်ဆဲတန်းလန်းမှာ ရပ်ထားရတာတွေ များနေတယ်။ တိုင်းပြည် စီးပွားရေးက နှေးနေတယ်။ developers တွေက ချေးငွေဖြင့် လုပ်ကိုင်ကြတာဖြစ်လို့ အကြွေးဝန်ပိနေကြတယ်။ ရှန်ဟိုင်း၊ ရှန်ကျန်းလို မြို့ကြီးတွေမှာ တိုက်တာတွေရဲ့ တိုက်ခန်းတွေ ရောင်းကောင်းနေတာ မှန်ပေမဲ့ တခြားမြို့ကြီးတွေမှာ မိုးထိတိုက်တာတွေရဲ့ ထိပ်ပိုင်းအထိပ်တွေမှ အခန်းတွေက ဈေးမြင့်မားလွန်းနေလို့ ကြိုပွိုင့်တွေ ရောင်းမထွက်ဘူး။  ငွေပိုငွေလျှံတွေ ရှိနေလို့ တိုက်တာတွေမှာ ရင်းနှီးမြှုပ်နှံတဲ့အနေဖြင့် ဝယ်ယူဖို့ တွက်ခြေ မကိုက်လောက်ဘူး ဖြစ်နေတာမို့ လက်ရှောင်ကြတယ်။

မီတာ ၂၀၀ အထက် မြင့်တဲ့ မိုးထိတိုက်တာ အလုံး ၇၀ ဝန်းကျင် ပြီးစီးအောင် ဆက်မဆောက်နိုင်ကြဘူးလို့  CTBUH အချက်အလက်တွေမှာ ဖော်ပြထားတယ်။ အဲဒီလို လုပ်ငန်း ရပ်ဆိုင်းထားရတဲ့ မိုးထိတိုက်တာတွေထဲမှာ ၃ ခုက မီတာ ၅၀၀ ကျော် မြင့်မားတဲ့ တိုက်တာတွေ ဖြစ်ပါတယ်။

တီယန်ကျင်းမှာ ဆောက်လက်စ Goldin Finance 117 ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ပန္နက်ရိုက်ခဲ့တာ ဖြစ်ပြီး ဆောက်လက်စမှာ ရပ်ထားရတယ်။ အထက်မှာ ဆိုခဲ့တဲ့ ဝူဟန်မှ  Greenland Center ဆိုရင်လည်း ၂၀၁၇ ခုနှစ်ကတည်းက ရပ်ထားရတယ်။

Image may contain: sky, skyscraper, tree, plant and outdoor

 

 

ရှေးအမွေအနှစ်များ ထိန်းသိမ်းရန်

=======

ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေထဲမှာ ရှေးအမွေအနှစ်တွေ မဖျက်ဆီးဖို့ကိုလည်း သတိပေးထားပါတယ်။ သမိုင်းဝင် အဆောက်အဦတွေ၊ ရိုးရာဗိသုကာလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ခိုင်းထားတယ်။ သက်တမ်းရင့်အပင်တွေကို တိုက်တာဆောက်ဖို့် ရှင်းလင်းပစ်တာကအစ မလုပ်ဖို့ သတိပေးထားပါတယ်။

 

ဗိသုကာအဓိပတိ ထားပါ

=============

အစိုးရရဲ့ ထုတ်ပြန်ချက်မှာ စိတ်ဝင်စားစရာကောင်းတာ တစ်ခုက မြို့ကြီးတွေမှာ ဗိသုကာအဓိပတိ တစ်ဦးကို သတ်သတ်မှတ်မှတ် ထားရှိဖို့ အကြံပေးထားတာ ဖြစ်ပါတယ်။ 

 

ရုရှားနိုင်ငံ မော်စကိုနဲ့ စပိန်နိုင်ငံ ဘာစီလိုနာ မြို့ကြီးတွေမှာ တင်ပြလာတဲ့ ဆောက်လုပ်ရေး စီမံကိန်းကို  ခွင့်ပြုဖို့၊ ခွင့်မပြုဖို့ ဗီတိုအာဏာ အပ်နှင်းထားတဲ့ ဗိသုကာအဓိပတိ တစ်ဦးကို  ထားရှိပါတယ်။

 

ဗိသုကာအဓိပတိက တစ်မြို့လုံးအတွက် ခြံငုံသုံးသပ်ပြီး အစိုးရရဲ့ လိုလားချက်တွေအရ သုံးသပ်ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

Read 82794 times
Rate this item
(5 votes)