ဓာတ်အားစနစ် စွမ်းရည်မြှင့်တင်ရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၃၅၀ ထုတ်ချေးမည်

ဓာတ်အားစနစ် စွမ်းရည်မြှင့်တင်ရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၃၅၀ ထုတ်ချေးမည်

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိစေရေးအတွက် လက်ရှိဓာတ်အားထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်ရမည်ဖြစ်ပြီး ဓာတ်အားစနစ် စွမ်းရည်မြှင့်တင်ရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေဒေါ်လာသန်း ၃၅၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။


၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်စေရေးအတွက် လာမည့် ငါးနှစ်မှ ခုနစ်နှစ်အတွင်း မြန်မာနိုင်ငံ၏ လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို စက်စွမ်းရည်အား နှစ်ဆတိုးမြှင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်စွမ်းရည်တိုးမြှင့်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစနစ်သည် ရာသီဥတုပြောင်းလဲဒဏ်၊ သဘာဝဘေးအန္တရာယ်များ၏ ခံနိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်မည့် စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအသင်း (IDA) မှ ချေးငွေဒေါ်လာသန်း ၃၅၀ အား ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့အဝင်များက မေ ၂၉ ရက်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

လျှပ်စစ်ဓာတ်အားစနစ် စွမ်းရည်မြှင့်တင်ရေး စီမံကိန်းသည် ရွာမဓာတ်အားပေးစက်ရုံအား အဆင့်မြှင့်တင်သွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိပြီး ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရန် ရည်ရွယ်သည်။

 

ထို့ပြင် ဓာတ်အားပေးစက်ရုံနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်သည့်စနစ်များ အဆင့်မြှင့်တင်ခြင်းကြောင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက်လည်း လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ပို့လွှတ်နိုင်မည်ဖြစ်ရာ ဒေသအသီးသီးတွင် အိမ်ထောင်စုများ ယခုထက်ပို၍ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ကာ လျှပ်စစ်ရရှိစေနိုင်မည်ဖြစ်သည်။

 

အဆိုပါစီမံကိန်းသည် ပါရီသဘောတူညီချက်အရ မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမည့် ကတိကဝတ်များဖြစ်သည့် ရာသီဥတုပြောင်းမှုဆိိုင်ရာ ထိခိုက်မှုလျော့ပါးရေးနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအတွက်လည်း အထောက်အကူ ဖြစ်သွားမည်ဖြစ်သည်။

 

နောက်ဆုံးပေါ် စက်စွမ်းရည်မြင့် နည်းပညာများအသုံးပြုခြင်းဖြင့် စီမံကိန်းသည် လျှပ်စစ်ဓာတ်အား တစ်ယူနစ်ထုတ်လုပ်တိုင်း ထွက်ပေါ်လာမည့် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ (greenhouse gas emissions) အား လျှော့ချနိုင်မည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုစနစ်အား ကောင်းမွန်စေရန် မြှင့်တင်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်နှင့် သဘာဝဘေးအန္တရာယ်များ၏ဒဏ်ကို ခံနိုင်စွမ်းရည်ကောင်းမွန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်အား တည်ငြိမ်ပြည့်ဝသော ဓာတ်အားစနစ် ဖြစ်ပေါ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ အဆိုပါရည်မှန်းချက်များအရ ၂၀၁၉ ခုနှစ်အကုန်တွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ရာခိုင်နှုန်း ၅၀ အထိ ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၃ဝပြည့်နှစ်တွင် ရာနှုန်းးပြည့်သို့လည်းကောင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျှက်ရှိသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများမှ ဓာတ်အားထုတ်လုပ်မှု အခြေအနေအရ ရေအားလျှပ်စစ်မှ ၅၂ ရာခိုင်နှုန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ၄၅ ရာခိုင်နှုန်းကျော် ထုတ်လုပ်မည်ဖြစ်ကြောင်း ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

 

Eleven Media Group

Read 725 times
Rate this item
(0 votes)