ရန်ကုန်မြို့အတွက် ရေလှောင်ကန်ကြီးလေးခုတွင် ရေမပြည့်တော့သဖြင့် နွေရာသီအတွက် အရေးပေါ်အစီအမံများ ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့အတွက် ရေလှောင်ကန်ကြီးလေးခုတွင် ရေမပြည့်တော့သဖြင့်  နွေရာသီအတွက် အရေးပေါ်အစီအမံများ ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့သို့ ရေပေးဝေနေသော ရေလှောင်ကန်ကြီးလေးခုတွင် ရေမပြည့်တော့သဖြင့် 

နွေရာသီအတွက် အရေးပေါ်အစီအမံများ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေး နှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေး နှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ တာဝန်ရှိသူတစ်ဦးက “ခါတိုင်းဆို ဒီအချိန်က ရေလှောင်ကန်ကြီးတွေ အားလုံးရေလျှံနေပြီ။ ဒီနှစ်ကတော့ ရေတောင်မပြည့်ဘူး။ ဒါကြောင့် ကျွန်မတို့ အနေနဲ့ နည်းလမ်းစုံနဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ ရေပြတ်လပ်မှု မရှိစေဖို့ ဆောင်ရွက်နေပါတယ်’’ ဟုဆင်ဟွာသို့ စက်တင်ဘာ ၁၁ ရက်တွင်ပြောသည်။ 

ယခုနှစ်သည် ရာသီဥတုပြောင်းလဲခြင်း ၏ နောက်ဆက်တွဲအဖြစ် မိုးရေ ရရှိမှုနည်းသောကြောင့် ရန်ကုန်မြို့ ၏ အဓိက ရေပေးဝေနေသော ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး နှင့် ငမိုးရိပ်ရေလှောင်ကန်တို့ ၌ ပုံမှန်ရေလျှံကာလဖြစ်သော်လည်း ကန်ရေမပြည့်သည့် အခြေအနေများဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ဖြစ်၍ နွေရာသီကာလ သောက်သုံးရေ နှင့် စိုက်ပျိုးရေများအတွက် အရေးပေါ်အစီအမံများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း နေ့စဉ် ရေဂါလန် ၂၀၅ သန်း ကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ထပ်မံ၍ ရေပေးဝေရေးစီမံကိန်းကြီးများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 

ရန်ကုန်မြို့တွင်  နေ့စဉ် ရေဂါလံ ၂၀၅ သန်း ဖြန့်ဖြူးပေးဝေလျက်ရှိ 

ရန်ကုန်မြို့၌  လက်ရှိတွင် နေ့စဉ်နေ့တိုင်း 

လှော်ကားကန် မှ ရေဂါလန် ၁၄ သန်း၊ 

ဂျိုးဖြူ ကန်မှ  ဂါလန် ၂၇ သန်း၊ 

ဖူးကြီးကန်မှ  ဂါလန်  ၅၄ သန်း၊ 

ငမိုးရိပ်ရေသန့်စင်စက်ရုံ မှ  ရေဂါလန်  သန်း ၉၀ နှင့် 

မြေအောက်အဝီစိတွင်းပေါင်း ၄၉၅  တွင်းမှ ဂါလန်သန်း ၂၀  

စုစုပေါင်း ရေဂါလန်  ၂၀၅ သန်း

ဖြန့်ဝေပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း  မှ သိရသည်။ 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း  မှ တာဝန်ခံအဖွဲ့ဌာနမှူး    (ဒုတိယ ညွှန်ကြားရေးမှူးချုပ်)   ဦးမြင့်ဇော်သန်း က “ဂျိုးဖြူရေပေးရေးစနစ်မှာက တစ်ရက်ကိုရေဂါလန်   ၂၇  သန်းသာ   ပေးဝေနိုင်တာမို့ အားလုံးမျှသုံးလာရတဲ့    အခြေအနေကြောင့် အချိန်ပိုင်း   ရေပေးဝေရေးစနစ်   ဖြစ်ပေါ်လာတယ်။ အဲဒါကြောင့် မြေအောက်ရေ နဲ့ ရေပေးဝေတဲ့ စနစ်ကိုလည်း ကျင့်သုံးခဲ့ရတယ်။’’ ဟု ပြောသည်။

ထို့ပြင် နောက်ထပ်ရလာနိုင်မည့် ရေအရင်းအမြစ်များမှ တစ်ဆင့် ရေပေးဝေနိုင်ရေးအတွက် Master Plan များရေးဆွဲပြီးဖြစ်ကြောင်းဆိုသည်။  ၂၀၂၅ ခုနှစ်၌  စီမံကိန်း ပြီးစီးမည်ဖြစ်ကြောင်း၊ ၎င်းအချိန်တွင်      ရေပေးဝေ ရေးဇုန် ၁ ဖြစ်သော မြို့လယ်ပိုင်း အပြင်  မြို့နယ် ၁၄ မြို့နယ်ကိုပါ  ရေအပြည့်အ၀ ပေးဝေသွားနိုင်တော့မည်ဖြစ်ကြောင်း၊  အဆိုပါစီမံကိန်း ၏ ပထမအဆင့်တွင်    တစ်ရက်လျှင်  ရေဂါလန်      သန်း  ၆၀ အထိ ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါစီမံကိန်း မှာ စတုတ္ထအဆင့် အထိ သွားမည်ဖြစ်သည့် အတွက် စီမံကိန်းစတုတ္ထအဆင့်ပြီးဆုံးပါက နေ့စဉ် ပြည့်ပြည့်ဝဝ ရေပေးဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။  

စီမံကိန်းများ မပြီးသေးမီ အချိန် ၌   ရရှိထားပြီးဖြစ်သည့်  ရေများကို အချိန်ပိုင်း     မျှဝေသုံးစွဲကြရန် နှင့်  ရရှိပြီးသားရေများကို   အကျိုးရှိရှိ   အသုံးပြုကြစေချင်ကြောင်း ၎င်းကဆိုသည်။ 

 

မိုးနှောင်းကာလ မိုးမကောင်းခဲ့

စက်တင်ဘာ လဆန်း မှစ၍  မိုးနှောင်းကာလ သို့ ရောက်ရှိကာ၊ မုတ်သုံမှာ အားနည်းလျက်ရှိပြီး စက်တင်ဘာ ၁၅ ရက် မှ ၂၀ ရက် အတွင်း  မြန်မာနိုင်ငံမြောက်ပိုင်း မှမုတ်သုံ စတင်ထွက်ခွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။

“မိုးနှောင်းကာလ မိုးမကောင်းခဲ့ဘူး။ ခန့်မှန်းတာကတော့မြန်မာနိုင်ငံ မြောက်ပိုင်းတွေက မိုးအသင့်အတင့်လောက် ရနိုင်တယ်။ ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသတွေ က မိုးရရှိမှု နည်းနိုင်တယ်။ မိုးနှောင်းကာလ မို့ မုတ်သုံက သိပ်ပြီးအားကောင်းဖို့လည်း မရှိတော့ဘူး။ မုတ်သုံက အားတဖြည်းဖြည်းနဲ့ လျော့လာပြီ။ စက်တင်ဘာ ၁၅ ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းက နေစတင်ပြီး မုတ်သုံဆုတ်နိုင်တယ်’’ ဟု ၎င်းကရှင်းပြသည်။

မုတ်သုံအားနည်းသွားသည့် အတွက် မိုးနှောင်းကာလတွင် မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးထစ်ချုန်းမှုကြောင့်  နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း နှင့် လေပြင်းတိုက်ခြင်း တို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မုတ်သုံက မနှစ်ကထက် စာလျှင် အားနည်းကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း  မှစတင်၍ မုတ်သုံတဖြည်းဖြည်းထွက်ခွာပြီးတစ်နိုင်ငံလုံးမှ တဖြည်းဖြည်းချင်း မုတ်သုံဆုတ်ခွာသွားမည်ဖြစ်ကြောင်း၊ မုတ်သုံ ဆုတ်ခွါသည့် အချိန် တွင် အနောက်ဘက်မှ လေအေးများစတင်ဝင်ရောက်နိုင်ကြောင်း သိရသည်။

မုတ်သုံဆုတ်ခွါချိန် တွင် လေဖိအားနည်းရပ်ဝန်း (သို့မဟုတ်) မုန်တိုင်းငယ်ဖြစ်ပေါ်ပါက မုတ်သုံ အနည်းငယ် ပြန်အားကောင်း၍ မိုးရွာသွန်းနိုင်ကြောင်း၊ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းတွင် နောက်(၂၄) နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

 (Xinhua)

Read 3000 times
Rate this item
(0 votes)