ဂျပန်တံတားဒီဇိုင်းဖြင့် တည်ဆောက်မည့် တွံတေးတူးမြောင်းကူး တံတား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဂျပန်တံတားဒီဇိုင်းဖြင့် တည်ဆောက်မည့် တွံတေးတူးမြောင်းကူး တံတား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်ကိုဆက်သွယ်တည်ဆောက်မည့် ဆိပ်ကြီး-ခနောင်တို-ဒလ တွံတေးတူးမြောင်းကူး တံတား

တည်ဆောက်မည့် မြေနေရာအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

ယခုနှစ်တွင် စတင်တည်ဆောက်မည့်  အဆိုပါ ဆိပ်ကြီး-ခနောင်တို-ဒလ (တွံတေးတူးမြောင်းကူး) တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ရာ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေး အဖွဲ့(၁) က တည်ဆောက်မည် ဖြစ်သည်။

 

တံတားတည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရမှ မြေပြင်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရန်အတွက် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်းငါးထောင် ချထားပေးထားပြီး လက်ရှိတွင် ယင်းတံတားတည်ဆောက်ရန်အတွက် မြေပြင်ရှင်းလင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီး-ခနောင်တို-ဒလ (တွံတေးတူးမြောင်းကူး) တံတားကုန်ကျစရိတ်မှာ ကျပ် ၂၅ ဘီလီယံကုန်ကျမည်ဖြစ်သည်။

သံမဏိသံဘောင် နှစ်လမ်းသွားတံတားဖြစ်ပြီး သံကူကွန်ကရစ်အမျိုးအစားဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။  

 

တံတားဒီဇိုင်းမှာ ဂျပန်နိုင်ငံတွင် နောက်ဆုံးတည်ဆောက်လျက် ရှိသော တံတာဒီဇိုင်းဖြင့် တည်ဆောက်မည် ဖြစ်ရာ ဂျပန်နည်းပညာဖြင့် တည်ဆောက်မည်ဖြစ်သည်။ 

တံတား အကျယ် ၁၀ မီတာ ရှိသည်။ အရှည်မှာ ၇၇၅ မီတာဖြစ်သည်။  ချဉ်းကပ်လမ်းအပါအဝင် ဆိုပါက စုစုပေါင်း အလျား ၂၅၄၂ ပေ ရှိသည်။ 

တံတားထိုးမည့် နေရာမှာ  ဒလ-တွံတေးအစပ်နားနှင့် ဆိပ်ကြီး-ခနောင်တို့ကို ချိတ်ဆက်ကာ တည်ဆောက်မည်ဖြစ်သည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တံတားချဉ်းကပ်လမ်းဆောက်လုပ်ရန် သတ်မှတ်ဧရိယာကို သတ်မှတ်ထားပြီးဖြစ်သည်။   

 

ယခုလက်ရှိတွင် ဆိပ်ကြီး-ခနောင်တိုမှ မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့တွင်းသို့ သွားလာပါက လှိုင်သာယာကြိုးတံတားမှတစ်ဆင့် သွားလာကြရပြီး တံတားတည်ဆောက်ပြီးစီးပါက ဆိပ်ကြီး-ခနောင်တိုမှ ဒလတံတားမှတစ်ဆင့် ရန်ကုန်မြို့တွင်းသို့ အချိန်အတိုတိုဖြင့် သွားရောက်နိုင်မည်ဖြစ်သည်။

Read 1082 times Last modified on Sunday, 06 September 2020 19:25
Rate this item
(0 votes)