ဖလမ်းမြို့အနီး ဗဟိုပြု၍ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သော်လည်း ဆူရ်ဘုန်လေယာဉ်ကွင်း ထိခိုက်ပျက်စီးမှုမရှိ

ဖလမ်းမြို့အနီး ဗဟိုပြု၍ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သော်လည်း ဆူရ်ဘုန်လေယာဉ်ကွင်း ထိခိုက်ပျက်စီးမှုမရှိ
ဖလမ်းမြို့အနီး ဗဟိုပြု၍ အင်အားပြင်းငလျင်တစ်ခု ဧပြီ ၁၆ ရက် ညပိုင်းတွင် လှုပ်ခတ်ခဲ့သော်လည်း
ချင်းပြည်နယ်၌ ပထမဆုံးတည်ဆောက်နေသည့် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်မှု လုပ်ငန်းခွင်အား ထိခိုက်ပျက်စီးမှုမရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထံမှ သိရသည်။
လှုပ်ခတ်ခဲ့သည့် ငလျင်မှာ အင်အားပြင်း ငလျင်ဖြစ်သော်လည်း ချင်းတောင် ဆူရ်ဘုန်လေယာဉ်ကွင်းမှာ ပျက်စီးထိခိုက်မှုမရှိကြောင်း၊ လေယာဉ်ပြေးလမ်း၊ လေဆိပ်အဆောက်အဦ၊ ခရီးသည် နားနေဆောင်၊ လေကြောင်းထိန်းမျှော်စင် နှင့် မြေထိန်းနံရံများ အက်ကွဲခြင်း၊ပြိုကျပျက်စီးခြင်းများ မရှိခဲ့ကြောင်း ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်ရေးစီမံကိန်းတာဝန်ခံ အင်ဂျင်နီယာလက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဇော် မှပြောသည်။
ချင်းပြည်နယ်မြို့တော် ဟားခါး မြေငလျင်စခန်း၏ အရှေ့မြောက်ဖက်(၂၇)မိုင်အကွာ ဖလမ်းမြို့၏ အရှေ့တောင်ဖက်(၂၄)မိုင်အကွာ၊မြောက်လတ္တီတွဒ်(၂၂ ဒသမ ၇၄)ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၄ ဒသမ ၀၁)ဒီဂရီ၊မြေအနက်(၁၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရက်စ်(ခ်)တာစကေး(၆ ဒသမ ၁)အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု ဧပြီ ၁၆ ရက် ညေန ၆ နာရီ ၁၅ မိနစ်တွင် လှုပ်ခတ်ခဲ့သည်။အဆိုပါ အင်အားပြင်းငလျင်ကြောင့် ချင်းပြည်နယ်မြို့တော်ဟားခါးနှင့် အချို့နေရာဒေသများတွင် အုတ်နံရံပြိုကျ ခြင်း၊အက်ကွဲခြင်း အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။
ဆူရ်ဘုန်လေယာဉ်ကွင်းကို ဖလမ်းမြို့နှင့် ရှစ်မိုင်ဝန်းကျင်ဝေးသည့် အမြင့်ပေ(၇၁၇၅)ရှိ လုမ်ပီးတောင်အနီး ဆူရ်ဘုန်တောင်ကြော ဖလမ်း-ရိဒ် ရေကန်သွား ကားလမ်းဘေးတွင် နိုင်ငံတော်က ငွေကျပ် ၃၄ ဒသမ ၁၉ ဘီလီယံ အကုန်အကျခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်။
" ထူးခြားမှုကအများကြီးမရှိပါဘူး ။ ၁၆ ရက်နေ့ နောက်ပိုင်းတော့ ငလျင် ငယ်လေးတွေတော့ တစ်ရက်ခြား တစ်ရက်ခြားလှုပ်ပါတယ်။ဖလမ်းနဲ့ ကလေးကြားထဲမှာပေါ့။လောလောဆယ်ကတော့ Rotating Wall တွေလုပ်တယ်။လုပ်တဲ့အခါမှာလည်း ပြီးပြီးသားတွေရော လက်ရှိလုပ်နေတဲ့ ဟာတွေမှာလဲ ဘာမှထိခိုက်မှု မရှိပါဘူး။ပြေးလမ်းတွေလည်း ကွဲတာအက်တာတွေမရှိပါဘူး။လေယာဉ်ကွင်းကတော့ ၈၇ ရာခိုင်နှုန်းလောက်ပြီးနေပါပြီ " ဟု လေယာဉ်ကွင်းတည်ဆောက်ရေးစီမံကိန်းတာဝန်ခံ အင်ဂျင်နီယာလက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဇော် မှပြောသည်။
လေယာဉ်ကွင်းသည် အလျားပေ (၆၀၀၀)၊ အကျယ်ပေ(၁၀၀)၊ ပြေးလမ်းအရှိန် သတ်စွန်း အလျားပေ(၂၀၀)၊ အကျယ်ပေ(၁၀၀)၊ လေယာဉ်ရပ်နားနေရာ အလျားပေ(၂၅၀)၊ အကျယ် ပေ(၂၅၀)၊ပြေးလမ်းခံနိုင်ရည်ပေါင်(၅၀၀၀၀) ဖြစ်သည်။ ယခုတည်ဆောက်နေသည့် ဆူရ်ဘုန် လေယာဉ်ကွင်းမှာATR လေယာဉ်အမျိုးအစားများ ဆင်းသက်နိုင်မည်ဖြစ် ကြောင်းလည်း သိရသည်။
Read 1042 times
Rate this item
(0 votes)