အင်းလေးကန်ရှိရေပေါ်ကျွန်းတွင် ဟိုတယ်ဆောက်မည့် အစီအစဉ်ကိုဒေသခံများမှ ကန့်ကွက်

အင်းလေးကန်ရှိရေပေါ်ကျွန်းတွင် ဟိုတယ်ဆောက်မည့် အစီအစဉ်ကိုဒေသခံများမှ ကန့်ကွက် google

           ရှမ်းပြည်နယ် ညောင်ရွှေမြို့အင်းလေးကန်အနီးနားမှာ နေထိုင်ကြတဲ့ကျေးရွာနေပြည်သူတွေက အင်းလေးကန်ရဲ့ ဂေဟစနစ်ကိုထိခိုက်မှာစိုးတဲ့အတွက် ကန်ရှိရေပေါ်ကျွန်းတွင် ဟိုတယ်တည်ဆောက်မည့် ဆောက်လုပ်ရေးစီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်လျက်ရှိနေတယ်လို့ အင်းလေးအရပ်ဘက်အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခင်စိုးဝင်း ကပြောပါတယ်။


                  အင်းလေးကန်ဟာ သဘာဝအတိုင်းဖြစ်နေတည်တာဖြစ်ပြီး ရေပေါ်ကျွန်းဟာလည်း ရေသတ္တဝါတို့နဲ့ဌက်မျိုးစိတ်အများစုတို့ရဲ့ ခိုနားရာနေရာဖြစ်နေတဲ့အတွက် အဆိုပါရေပေါ်ကျွန်းပေါ်မှာ ဟိုတယ်ဆောက်လုပ်မယ့် စီမံကိန်းကို ကျေးရွာနေပြည်သူအယောက် ၁၀၀၀ ကျော်မှ ကန့်ကွက်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဒေါ်ခင်စိုးဝင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

              အင်းလေးကန်ပတ်ဝန်းကျင်တစ်ဝိုက်မှာ ကျေးရွာပေါင်း ၄၀၀ ကျော်တည်ရှိပြီး ကျေးရွာနေပြည်သူအစုအဖွဲ့ပေါင်း ၃၅ ဖွဲ့ကျော်တည်ရှိပါတယ်။အဆိုပါ ဟိုတယ်စီမံကိန်းကိုတော့ နိုင်ဂရု ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်မှာဖြစ်ပါတယ်။


“ ဒီကိစ္စကို ပြည်နယ်အဆင့်က တိုက်ရိုက်တာဝန်ယူကိုင်တွယ်သွားမယ်ဆိုရင်တော့ အင်းလေးကန်နဲ့ပတ်သက်လို့ တိကျသေချာတဲ့ ဥပဒေတစ်ခုထုတ်ပြန်ဖို့လိုပါတယ်၊ ဒါက ဒီပြဿနာကိုဖြေရှင်းဖို့တစ်ခုတည်းသော နည်းလမ်းပါပဲ”

လို့ ဒေါ်ခင်စိုးဝင်းက ထပ်မံပြောကြားခဲ့ပါတယ်။


               ၂ဝ၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေတုန်းကလည်း သမ္မတရုံးကို ခွင့်ပြုမိန့်တင်သွင်းထားတဲ့ ဟိုတယ်ဆောက်လုပ်ရေးစီမံကိန်းတွေကို ဒေသခံတွေက ကန့်ကွက်လက်မှတ်ရေးထိုးခဲ့ကြသေးတယ်လို့ သူမက ပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လက မိုင်းသောက်ဘုန်းကြီးကျောင်းမှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို ဒေသခံ အယောက် ၅ဝဝကျော်တက်ရောက်ခဲ့ပြီး အင်းလေးကန်ကို ထိန်းသိမ်းစောင့်ရှောက်မှုတွေပြုလုပ်သွားဖို့ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။

 

               အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ ဒေသခံတွေဟာ ဟိုတယ်တည်ဆောက်ရေးစီမံကိန်းကို ဆန့်ကျင်ဖို့ သဘောတူခဲ့ကြပြီး တကယ်လို့နိုင်ငံတော်အနေနဲ့ ခွင့်ပြုမိန့်ပေးခဲ့မယ်ဆိုရင်တော့ ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့ သတိပေးခဲ့ကြပါတယ်။


    “ အင်းလေးမှာရှိတဲ့ ဘေးမဲ့တောနဲ့ မြေကွက်တွေကို သိမ်းယူမခံရအောင် ကာကွယ်ဖို့ ဆရာတော်တို့ ဒီဟိုတယ်တည်ဆောက်ရေး စီမံကိန်းကို ကန့်ကွက်ပါတယ်” လို့ မိုင်းသောက်ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးဝိသဒ္ဓဉာဏ ကမိန့်ကြားတော်မူခဲ့ပါတယ်။


                  ဒီဘေးမဲ့တောကို သစ်တောဝန်ကြီး ဦးသိန်းအောင် လက်ထက်တုန်းက ဘေးမဲ့တောအဖြစ်မှ ပုဂ္ဂလိကပိုင်မြေနေရာအဖြစ်ပြောင်းလဲပြီး နိုင်ဂရု ပိုင်မြေအဖြစ်လွှဲပြောင်းပေးခဲ့တာကို ကြားသိခဲ့ရတယ်လို့ အဖွဲ့ ၄၄ ဖွဲ့ပါဝင်ဖွဲ့စည်းထားတဲ့ အင်းလေးအရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမြတ်မင်းစိုးက ဆိုပါတယ်။


    “ ဟိုတယ်ဆောက်ဖို့ ခွင့်ပြုမိန့်သာရခဲ့မယ်ဆိုရင်တော့ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ မိုင်းသောက်ရွာကို ဖြိုဖျက်ပစ်ရမှာပါ၊ ဒ့ါကြောင့် ကျွန်တော်တို့ ကန့်ကွက်ပါတယ်” လို့ ဦးမြတ်မင်းစိုးက ထပ်မံပြောကြားထားပါတယ်။


            အဆိုပါ ဘေးမဲ့တောကို ပုဂ္ဂလိကပိုင်မြေအဖြစ် ပြောင်းလဲခဲ့တဲ့အပေါ် ဖြေရှင်းချက်ပေးရန် ဒေသခံတွေက ပြည်နယ်ဥပဒေအဖွဲ့အစည်းကို တောင်းဆိုထားတယ်လို့သိရပါတယ်။ ထပ်မံပြီး ဒေသခံတွေက အဆိုပါစီမံကိန်းနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုသွားမယ်လို့ သိရပါတယ်။

Source:Myanmar Time

Read 1395 times
Rate this item
(1 Vote)
Tagged under