Precast Plant စက်ရုံတည်ဆောက်သွားမည်

Precast Plant စက်ရုံတည်ဆောက်သွားမည် google

          မန္တလေးမြို့တွင် မြောင်းနှင့် မြောင်းဖုံးများ၊လမ်းကူး၊မြောင်းနှင့် မြောင်းဖြတ်တံတားများ၊ပလက်ဖောင်းနှင့် Kerb တုံးများကို ပုံလောင်းကွန်ကရစ်(Precast)ဖြင့်လုပ်ဆောင်ရန် စက်ရုံတည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။

          အဆိုပါ Precast Plant စက်ရုံကို ပြည်ကြီးတံခွန်မြို့နယ်၊မင်းကြီးရန်နောင်လမ်းနှင့် ၆၂ လမ်းထောင့်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီလမ်းတံတားဌာန ကွန်ကရစ်ဘလောက်တုံးစက်ရုံဝင်းအတွင်း လာမည့် ၁၂ လ ဘတ်ဂျက်တွင် တည်ဆောက်ရန်စီစဉ်ထားကြောင်း သိရသည်။

"စင်ကာပူမှ Smart Precast ၏နည်းပညာအကူအညီနှင့် အသစ်ဆောက်ရန်လျာထားသည်။စက်ရုံမဆောက်သေးခင် နှစ်ပေနှင့် တစ်ပေမြောင်းများကို စတင်ထုတ်လုပ်နေပြီဖြစ်သည်။စက်ရုံပြီးလျှင် မြောင်းနှင့်မြောင်းဖုံးများ၊လမ်းကူးမြောင်းနှင့် မြောင်းကူးတံတားမှန်သမျှ Precast နှင့်ပဲလုပ်သွားမည်ဖြစ်သည်။ဒါသည် ဈေးနှုန်းသက်သာသည်။ပိုပြီး ကြံ့ခိုင်ကြာရှည်ခံသည်။ဆောက်လုပ်သည့်အခါ အချိန်တိုအတွင်းပြီးတယ်၊မြောင်းချဲ့ရန်လိုလျှင် အခြားတစ်နေရာတွင် ပြန်သုံးရန်ရသည့် အားသာချက်များရှိသည်။နိုင်ငံတကာတွင် အုတ်မသုံးတော့ပါဘူး"

ဟု၎င်း ပြောကြားချက်အရ သိရသည်။

          လက်ရှိတွင် မန္တလေးမြို့ ရှိနေရာအချို့တွင် မြောင်းနှင့်မြောင်းဖုံးများ၊မြောင်းဖြင့် တံတားများကို ပုံလောင်းကွန်ကရစ်ဖြင့် အသုံးပြုရန် ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုမှ ဝယ်ယူအသုံးပြုနေခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင် မန္တလေးမြို့တွင် စားကြွင်းစားကျန်နှင့် ဆီများမြောင်းထဲတိုက်ရိုက်စွန့်ပစ်မှုကြောင့် ခဲပြီးလမ်းကူးမြောင်းပိတ်မှုမကြာခဏ ဖြစ်ပွားသည့် အတွက် ဘုံကျောင်းတစ်ခုကို ကျပ်ငွေငါးသောင်းဒဏ်ရိုက်ထားပြီး ထပ်မံမဖြစ်ပွားစေရေးအတွက် ယင်းသို့စွန့်ပစ်မှုများကို တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်းသိရသည်။မိုးရွာလို့ မြောင်းတွေလျံရင်စည်ပင်ကိုသာအပြစ်မြင်ကြသည်။လမ်း ၈ဝ ပေါ်ရှိ ဘုံကျောင်းတစ်ခုမှ ပွဲလုပ်ပြီးတိုင်း စားကြွင်းစားကျန်နှင့် ဆီများမြောင်းထဲတိုက်ရိုက်စွန့်ပစ်တော့ခဲပြီး လမ်းကူးမြောင်းပိတ်သွားတာ နှစ်ကြိမ်ရှိပြီးဖြစ်သည်။နောက်ထပ်ဖြစ်လျှင်တရားစွဲပြီး ညစာစားပွဲလုပ်ခွင့်ပိတ်သည့်အထိအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Source:Pyi Myanmar

Read 1295 times Last modified on Thursday, 06 September 2018 16:10
Rate this item
(0 votes)