ထားဝယ်SEZ ရှေ့ဆက်မည့် ခြေလှမ်းများ

ထားဝယ်SEZ ရှေ့ဆက်မည့် ခြေလှမ်းများ

အရှေ့တောင်အာရှ၏ အကြီးဆုံးစက်မှုဇုန်ဖြစ်လာမည့် ထားဝယ်အထူးစီးပွားရေးဇုန် Special Economic Zone (SEZ)သည် နှစ်ပေါင်းများစွာ မတည်ငြိမ်မှုနှင့်မသေချာမရေရာမှုများ

ရှိနေသော်လည်း ယခုတစ်ဖန် တိုးတက်မှုများ ရှိလာနေသည်။ ကူးစက်ရောဂါသည် စီမံကိန်း၏ သက်ရောက်မှုများနှင့် အကျိုးကျေးဇူးများနှင့် ပတ်သက်သည့်အခြေခံမေးခွန်းများကို developer များနှင့်အစိုးရတို့က ဒေသခံများနှင့် တွေ့ဆုံမေးမြန်းရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေစေသည်။

တနင်္သာရီ တိုင်းဒေသကြီးတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ၂၀၀၈ ခုနှစ်တွင် အစပျိုးခဲ့ပြီးနောက် စလိုက် ရပ်လိုက် ပြန်စလိုက် ရပ်လိုက် ဖြင့် အကြိမ်ကြိမ် ဖြစ်ပွားနေခဲ့သည်။ ထားဝယ် SEZ စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၈ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မြေဧရိယာ အကျယ်အဝန်း ၂၀၀ စတုရန်း ကီလိုမီတာ အကျယ်အဝန်း ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါ SEZ နှင့် နှိုင်းယှဉ်လျှင် ၈ ဆ အရွယ်အစား ပိုကြီးသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူ SEZ ထက် ၁၀ ဆ အရွယ်အစား ပိုကြီးသည်။ သီလဝါ SEZ သည် ဂျပန်နိုင်ငံ ကျောထောက်နောက်ခံဖြင့် ထူထောင်သည်။ ကျောက်ဖြူSEZ သည် တရုတ်နိုင်ငံ ကျောထောက်နောက်ခံဖြင့် ထူထောင်သည်။ ထားဝယ် SEZ သည် ထိုင်းနိုင်ငံ ကျောထောက်နောက်ခံဖြင့် အစပျိုးခဲ့သည်။

စီမံကိန်း မြေနေရာမှာ တနင်္သာရီ ကမ်းရိုးတန်း အန်ဒါမန်ပင်လယ်ကမ်းခြေဖြစ်ရာ ရှည်လျားသော ပင်လယ်ကမ်းစပ် သဲသောင်ပြင်နှင့်အတူ မဖွံ့ဖြိုးသေးသော ဒေသဖြစ်သည်။ လူနေအိမ်ခြေများ၊ နှစ်ရှည်ပင် စိုက်ပျိုးထားသည့် ခြံများ တည်ရှိသည်။ လမ်းအများစုမှာ မြေသားလမ်းများ ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးနှင့် ပင်လယ်တံငါလုပ်ကိုင်ခြင်းတို့ဖြင့် အသက်မွေးကြသည့် လူဉီးရေဖြစ်သည်။

ငွေကြေးရန်ပုံငွေ မရရှိမှု၊ စီမံကိန်းရေးဆွဲမှု အပြောင်းအလဲ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းအတွက် ပြစ်တင်ဝေဖန်မှု အစရှိသည့် အနုတ်လက္ခဏာများကြောင့် ရှေ့မဆက်နိုင်ဘဲ ဖြစ်နေခဲ့သည်။ ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါဘေး ဆိုက်ရောက်ခဲ့ရာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် အကောင်အထည်ဖော်ဖို့ ပိုဝေးသွားပြီဟု မှတ်ယူကြရသည်။ သို့သော် ထားဝယ် SEZ စီမံကိန်း ရှေ့သို့တိုးတက် ဖြစ်ပေါ်မှုများ ရှိခဲ့သည်။
ထားဝယ် SEZ စီမံကိန်း စီမံရေးကော်မတီက စက်တင်ဘာလကုန်ပိုင်းအထိ စီမံကိန်းဇုန်အတွင်း လုပ်ကိုင်ရန်အတွက် အဆိုပြုလွှာ တင်သွင်းထားသည့် ကုမ္ပဏီ ၁၀ ခု ရှိကြောင်း အသိပေးပြောကြားခဲ့သည်။
ထိုကုမ္ပဏီ ၁၀ ခုတွင် ၈ ခုမှာ တရုတ်နိုင်ငံမှ ကုမ္ပဏီများ ဖြစ်ကြပြီး အများစုမှာ နိုင်ငံပိုင် ကုမ္ပဏီများ ဖြစ်သည်။ ထားဝယ်ဆိပ်ကမ်းကို အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေး ရေလမ်းကြောင်းနှင့် တရုတ်နိုင်ငံတို့ကို ချိတ်ဆက်ပေးမည့် အချက်အချာတစ်ခုအဖြစ် ဖွံ့ဖြိုးရေး လုပ်ဆောင်ရန် ရည်ရွယ်ချက် ထားရှိသည်။ ယခင်က ထိုင်းနိုင်ငံ ကျောထောက်နောက်ခံပြုခဲ့ပြီး ဂျပန်နိုင်ငံကလည်း ကျောထောက်နောက်ခံပြုရန် အစီအစဉ် ရှိခဲ့ရာမှ ယခုအခါ တရုတ်နိုင်ငံ ကျောထောက်နောက်ခံပြုပေးသည့် အပြောင်းအလဲဆီသို့ ရွေ့လျားရောက်ရှိလာခြင်း ဖြစ်သည်။

ဒေသခံများအနေဖြင့် စီမံကိန်းဧရိယာမှ မိမိတို့၏ ပိုင်ဆိုင်မှု မြေနှင့် အိမ်များကို စွန့်ပစ်ခဲ့ကြရမည် ဖြစ်ရာ ရသင့်ရထိုက်သော အကျိုးခံစားခွင့် ရရှိမည်ဆိုသည်ကို ယခုထိ အသေအချာ မသိကြရသေးချေ။ စီမံကိန်း အကျိုးကျေးဇူးကြောင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရရှိမည်ဆိုသည်မှာ မသေမချာဖြစ်နေသည်။ ထို့အတွက် စီမံကိန်းအပေါ် ဝေဖန်ဆန့်ကျင်မှုများ ရှိနေစေသည်။ လူနေမှုဘဝ သက်မွေးမှုနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးသည့်အတွက် ထိုက်ထိုက်တန်တန် လျော်ကြေးပေးသင့်ကြောင်း ထောက်ပြကြသည်။

စီမံကိန်း တွက်ချက်ခန့်မှန်းမှုအရ ရွှေ့ပြောင်းပေးရမည့် လူဉီးရေသည် နှစ်သောင်းမှ လေးသောင်းအထိ ရှိလိမ့်မည်။ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် လုပ်ငန်းများ၏ အစီအစဉ်များ အမျိုးမျိုး ဖြစ်နေသဖြင့် အကျုံးဝင်သည့် လူနေအိမ်ခြေဧရိယာတွင် အပြောင်းအလဲ ကြီးမားနေသည်။ စီမံကိန်းဧရိယာတွင် အကျုံးဝင်သည့် ကမ်းခြေဧရိယာ အချို့ရှိ လူနေအိမ်ခြေများကို ပြန်လည်နေရာချထားပေးခဲ့ပြီးပြီ ဖြစ်သည်။ အများစုမှာ တံငါရွာများ ဖြစ်ကြပြီး တစ်ဖက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် သွားရောက်ပြီး လုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများမှာ အများစု ဖြစ်သည်။ ပြန်လည်နေရာချထားပေးသည့် တရားဝင်နေရာသို့ ပြောင်းရွှေ့နေထိုင်သူ အလွန်နည်းသည်။

စီမံကိန်းက နေ့ရွှေ့ လရွှေ့ ဖြစ်နေခြင်းကလည်း ဒေသခံတို့အတွက် အခက်တစ်ခု ဖြစ်နေစေသည်။ သူတို့အတွက် အပြောင်းအလဲ ဘယ်လို ပြောင်းလဲသွားမည်ဆိုသည်ကို အသာထား၊ အပြောင်းအလဲ ဘယ်တော့ရောက်လာမှာလဲ ဆိုသည်ပင်လျှင် မရေမရာ ဖြစ်နေရသည်။ စီမံကိန်း ရှေ့ဆက်တိုးရန်အတွက် စီမံကိန်း လုပ်ကိုင်သူများနှင့် ဒေသခံတို့ တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံဆွေးနွေးဖို့မှာလည်း ကိုဗစ်ကပ်ဘေးကြောင့် မဖြစ်နိုင်သည့် အခြေအနေ ဆိုက်ရောက်နေသည်။

ထားဝယ် SEZ စီမံကိန်း စစချင်း အစီအစဉ်မှာ ရေနက်ဆိပ်ကမ်းအဖြစ်သို့ ပြောင်းလဲမည်။ စက်မှုလုပ်ငန်းအနေဖြင့် ရေနံဓါတုကို အဓိကထားပြီး အကောင်အထည်ဖော်မည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ဆက်သွယ်မည်။ ရေရရှိရေးအတွက် ရေကာတာတစ်ခု တည်ဆောက်မည်။ လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံတစ်ခု တည်ဆောက်မည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကူးသန်းသွားလာရန်နှင့် ကုန်စည်ပို့ဆောင်ရန် ရထားလမ်းတစ်ခုနှင့် ကားလမ်းတစ်ခု ဖောက်လုပ်မည်။ စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅၈ ဘီလျံ ဖြစ်သည်။ စီမံကိန်းအတွက် စာချုပ်သက်တမ်းမှာ ၇၅ နှစ် ဖြစ်သည်။ စီမံကိန်းကို Italian-Thai Development (ITD) က တာဝန်ယူပြီဂ အကောင်အထည်ဖော်မည် ဖြစ်သည်။
ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည်ဖြစ်သဖြင့် ဆန့်ကျင်ကန့်ကွက်မှုများ ရင်ဆိုင်ရသည်။ ဆည်တစ်ခု တည်ဆောက်ရန်အတွက် မလွတ်ကင်းသဖြင့် နေရာရွေ့ပေးရမည့် ရွာကလည်း လျော်ကြေး လက်ခံသဘောတူဖို့ ငြင်းဆန်သည်။ ပြန်လည်နေရာချထားသည့် နေရာသို့ ပြောင်းရွှေ့ဖို့ကိုလည်း ငြင်းဆန်သည်။ လမ်းဖောက်မည် ဖြစ်သည့်အတွက် သဘာဝတောရိုင်းတိရစ္ဆာန်များ ထိခိုက်မည်ကိုလည်း ကန့်ကွက်ခံရသည်။ ထိုထိုသော ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်နေစဉ် ITD သည် အကြီးအကျယ် ရင်းနှီးမြှုပ်နှံမည့်သူများ ဝင်မလာသည့် အခက်ကို ကြုံရသည်။ မသေချာ မရေရာသည့် စီမံကိန်းဖြစ်လာပြီး ရင်းနှီးမြှုပ်နှံမည့်သူများ မရရှိခဲ့ရာမှာ ၂၀၁၃ ခုနှစ်တွင် စီမံကိန်းကို ဆိုင်းငံ့ထားလိုက်သည်။

၂၀၁၅ ခုနှစ်တွင် ITD က တစ်ကျော့ပြန်ဝင်သည်။ အရွယ်အစား ပိုငယ်သည့် စီမံကိန်း အစီအစဉ်ကို တင်ပြပြီး အဆိုပြုသည်။ ထိုစဉ်မှာပင် ITD ဥက္ကဋ္ဌ Premchai Karnasuta သည် ဘေးမဲ့ပေးထားသော တောထဲမှ ကျားသစ်နက် သားရေ၊ ကျားသစ်မြီးဖြင့် ချက်ပြုတ်ထားသော ဟင်းချိုတို့နှင့်အတူ ဘေးမဲ့တောအာဏာပိုင်တို့က ဖမ်းဆီးရမိခဲ့ရာ နာမည် အကြီးအကျယ်ပျက်သည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ITD ကို Japan International Cooperation Agency (JICA) နှင့် ထိုင်းနိုင်ငံမှ Neighboring Countries Economic Development Cooperation Agency (NEDA) အဖွဲ့အစည်းများက ကျောထောက်နောက်ခံ ပေးထားသော်လည်း ရင်းနှီးမြှုပ်နှံမည့်သူများ မရရှိခဲ့ချေ။
ယခုအခါ ဉီးဆောင်ဦးရွက်ပြုကြမည့် developer အဖြစ် တရားဝင်ပေါ်ထွက်လာသည်မှာ ထိုင်းနှင့် ဂျပန် ဖက်စပ်ကုမ္ပဏီဖြစ်သော Rojana Industrial Park ဖြစ်ပြီး ITD နှင့် အကျိုးတူပူးပေါင်းကာ Myandawei Industrial Estate ကို ထူထောင်ထားသည့် လုပ်ငန်း ဖြစ်သည်။
လျှပ်စစ်ဓာတ်အားနှင့် နှစ်လမ်းသွား အမြန်လမ်း စီမံကိန်းများကို အကောင်အထည်ဖော်နေပြီ ဖြစ်သော်လည်း ရေနက်ဆိပ်ကမ်းအတွက် ရင်းနှီးမြှုပ်နှံမှုများ မရရှိသေးချေ။ ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ အကြီးစားစီမံကိန်းကြီး ဖြစ်သည်။ သို့ဖြစ်ရာပြည်တွင်းပြည်ပ ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းလုပ်ကိုင်ကြရမည်။ သို့တည်းမဟုတ် နိုင်ငံပိုင် တရုတ်ကုမ္ပဏီကြီးများ ပူးပေါင်းပြီး ဝင်ရောက်လုပ်ကိုင်ကာ အကောင်အထည်ဖော်ရမည်။
ထိုသို့ မရေမရာ ဖြစ်နေဆဲဖြစ်သော ထားဝယ် SEZ စီမံကိန်းသည် မဲခေါင် တောင်ပိုင်း စီးပွားရေး စင်္ကြံ (Mekong Southern Economic Corridor)တွင် ပါဝင်နေသော အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲထားသည်။ မဲခေါင် တောင်ပိုင်း စီးပွားရေး စင်္ကြံသည် ဗီယက်နမ်နိုင်ငံကို အန်ဒါမန်ပင်လယ်ပြင်သို့ ဆက်သွယ်ပေးမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စီးပွားရေး အချက်အချာများကို ဖြတ်သန်းထားသည်။ ထို စင်္ကြံတွင် ထိုင်းနိုင်ငံအဖို့ အရှေ့ပိုင်း စီးပွားရေး စင်္ကြံ (Eastern Economic Corridor) အဖြစ် အပိုင်းကဏ္ဍပါဝင်နေသည်။ ထို့သို့ ချိတ်ဆက်ရန် ထိုင်းနိုင်ငံက Kanchanaburi ရှိ Ban Namphun Ron မြို့တွင် SEZ စီမံကိန်း ဖွံ့ဖြိုးရေးကို ဖော်ဆောင်သည်။ Ban Namphun Ron သည် ထိုင်း-မြန်မာ နယ်ခြားမြို့ဖြစ်ရာ ထိုင်းနိုင်ငံအဖို့ မြန်မာနိုင်ငံနှင့် ကုန်စည်ကူးသန်းရန် တံခါးပေါက်တစ်ခု ဖြစ်လာမည်။ ထို့အတွက် အရေးပါသည်မှာ Kanchanaburi သို့ လမ်းပေါက်စေမည့် ထားဝယ်-ထီးကြီး အမြန်လမ်း ဖောက်လုပ်ရမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃၇ သန်း ကုန်ကျမည် ခန့်မှန်းထားသည်။
ရေနံဓာတု စက်မှုလုပ်ငန်းအတွက် ရေနံချက်လုပ်သန့်စင်စက်ရုံလုပ်ကိုင်သည့် လုပ်ငန်းကြီး နှစ်ခုနှင့် ဆွေးနွေးနေသည့် အဆင့်တွင် ရှိသည်။ ထိုလုပ်ငန်းကြီးနှစ်ခုသည် ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်ပြည်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မြန်မာနိုင်ငံ ခါးလယ်မှ ဖြတ်၍ သွယ်တန်းခဲ့သော တရုတ်နိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်းကြီးနှင့် မိတ်ဖက်ကျသော လုပ်ငန်းများ ဖြစ်ကြသည့် HuanQiu Contracting & Engineering Company (HQCEC) နှင့် China Petroleum Pipeline Engineering Company (CPP) တို့ ဖြစ်သည်။
ကျောထောက်နောက်ခံပြုသည့် ဂျပန်လုပ်ငန်းများသည် စီမံကိန်းအပေါ် စိတ်ဝင်စားမှု ရှိကြဆဲဖြစ်သော်လည်း ဖြစ်ပေါ်လာနေသည့် အခြေအနေများအရ တရုတ်လုပ်ငန်းများကသာ လိုအပ်သော ရန်ပုံငွေနှင့်တကွ ထားဝယ် SEZကို အကောင်အထည်ဖော်ပေးနိုင်မည့် သဘောရှိသည်။ ထားဝယ်SEZ ရှေ့ဆက်မည့် ခြေလှမ်းများကို လှမ်းနိုင်ကြမည် ဖြစ်သည်။
ထားဝယ် SEZ စီမံကိန်းသည် စီးပွားရေးအရ အကျိုးအမြတ်ရဖို့ စောင့်ဆိုင်းရသည့် ကာလ ကြာမြင့်မည်။ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကို သုညမှ စတင်ရမည်။ နှစ်အတန်ကြာ ရေစုံမျောနေခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများကို အင်တိုက်အားတိုက်ဖြင့် ဝင်ရောက်လုပ်ကိုင်ဖို့ နောက်တွန့်နေစေသည်မှာ အမှန်ပင် ဖြစ်သည်။

ရင်းမြစ်။ aseantoday.com

Read 1821 times
Rate this item
(0 votes)