ရန်ကုန်မြို့အား အဆင့်မြင့်မြို့ဖြစ်အောင် တည်ဆောက်ရာတွင်လိုအပ်ချက်များ ဆွေးနွေး

ရန်ကုန်မြို့အား အဆင့်မြင့်မြို့ဖြစ်အောင် တည်ဆောက်ရာတွင်လိုအပ်ချက်များ ဆွေးနွေး

ဂျပန်နိုင်ငံ မြေယာအခြေခံ၊ အဆောက်အအုံ၊ ပို့ဆောင်ရေး၊ ခရီးသွားလာရေးဝန်ကြီးဌာန(MLIT)၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဂျပန်နိုင်ငံ MLIT ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “Study For the Smart City Master Planning in Yangon, Myanmar” ၏ စီမံကိန်းစတင်ခြင်း Kick – Off Webinar Meeting ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ရက်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ၌ ရန်ကုန်မြို့အား အဆင့်မြင့်မြို့ဖြစ်အောင် တည်ဆောက်ရာတွင် လိုအပ်ချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်မှ လက်ရှိ COVID-19 အခြေအနေသည် အလွန်စိုးရိမ်စရာ ကောင်းသော်လည်း ရန်ကုန်မြို့၏ Smart City အားသာချက်များကြောင့် တုန့်ပြန်ဆောင်ရွက်ရာ တွင် အထောက်အကူရရှိကြောင်း၊ ၂၀၁၈ ခုနှစ် စင်္ကာပူနိုင်ငံတွင် တည်ထောင်ခဲ့သည့် အာဆီယံ အဆင့်မြင့် မြို့ကြီးများကွန်ယက် (ASEAN Smart Cities Network – ASCN) တွင် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးသုံးမြို့ ဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့မှ အရာရှိကြီးများ တာဝန်ယူဆောင်ရွက်ခဲ့ရာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှလည်း ညွှန်ကြားရေးမှူး ဒေါ်တင်တင်ကြည်သည် ရန်ကုန်မြို့၏ Chief Smart City Officer (CSCO) အဖြစ် တာဝန်ယူ၍ အဆိုပြုစီမံကိန်းများ တင်ပြခဲ့ကြောင်း၊ ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် အဆင့်မြင့်မြို့ Smart City ဖြစ်အောင် တည်ဆောက်ရာတွင် ကော်မတီတွင်း ဌာနများသာမက တိုင်းဒေသကြီးအဆင့်၊ ၎င်းမှ ဝန်ကြီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း သာမက ဒေသတွင်း ASCN ကွန်ယက်မှသည် ကမ္ဘာ့မြို့ပြညီလာခံ (World Urban Forum) ထိ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် တက်ရောက် လာသူများမှ ရန်ကုန်မြို့အတွက် လိုအပ်ချက်များကို ပူးပေါင်းဆွေးနွေးကြခြင်းဖြင့် ကောင်းမွန်ထိရောက် သော စီမံကိန်းများ ရေးဆွဲချမှတ်နိုင်မည်ကို ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဂျပန်နိုင်ငံ MLIT ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူး Mr.Kenichi Ogasawara မှ ယခုစီမံကိန်းတွင် အာဆီယံအဆင့်မြင့်မြို့ကြီးများဆိုင်ရာ ဂျပန်အဖွဲ့အစည်း (Japan Association For Smart Cities in ASEAN) အား ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် ပါဝင်သည့် အဖွဲ့ဝင်ဌာနများ၊ ကုမ္ပဏီများ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MLIT Consultant Team ၏ အဖွဲ့ခေါင်းဆောင် Mr.Kuniomi Hirano မှလည်း ယခုဆောင်ရွက်မည့်စီမံကိန်း အစီအစဉ် အသေးစိတ်ကို ရှင်းလင်း၍ ပူးပေါင်းဆောင်ရွက် ပေးကြပါရန် တင်ပြပါကြောင်း ပြောကြားရာ မြို့တော်ဝန်မှ Smart City လုပ်ငန်းစဉ်အား စည်ပင်မှ ဌာနအားလုံး သူ့ကဏ္ဍအလိုက်ဆောင်ရွက်နေကြောင်း၊ ဌာနတစ်ခုတွင်းမှာပင် အမြင်နှင့်လိုလားချက်များစွာ ရှိနိုင်ကြောင်း၊ လေ့လာဆန်းစစ်ချက် ကောင်းစွာ ရယူနိုင်မှ လက်တွေ့ကျသည့် စီမံကိန်းကောင်း တစ်ခု ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး မှလည်း ဌာနအားလုံးမှာ Smart Solution များ ရှိနေသည့်အတွက် ဌာနအားလုံးအား လေ့လာဆန်းစစ်ခြင်း Survey ဆောင်ရွက်ရန် လိုကြောင်း၊ ရန်ကုန်မြို့၏ CSCO ဒေါ်တင်တင်ကြည်မှ အဆိုပြုစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်မှ Myanmar Smart City Strategy ကို ရေးဆွဲနေပြီဖြစ်၍ ယခုစီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖြည့်စွက်ဆွေးနွေးရာ MLIT Consultant Team ၏ အဖွဲ့ခေါင်းဆောင်မှ လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးမှ ယခုအစည်းအဝေးသို့ စိတ်ဝင်တစား တက်ရောက် ဆွေးနွေးပေးကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အားလုံးပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ကောင်းမွန်သည့် ရလဒ်များ ရရှိမှာဖြစ်ပြီး ရန်ကုန်မြို့အား အဆင့်မြင့်မြို့ဖြစ်အောင် တည်ဆောက်ရန် စီမံကိန်းကောင်းများ ချမှတ်နိုင်မှာဖြစ်ကြောင်း ပြောကြားကာ မွန်လွဲ ၃ နာရီခွဲတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့ပြဖွံ့ဖြို့ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင် သတင်း အချက်အလက်နည်းပညာအသုံးပြုသည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းရေးဆွဲခြင်းအား ၂၀၂၁ ခုနှစ် မတ်လအပြီး ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

myotaw.news

Read 1178 times
Rate this item
(0 votes)