နှစ်ပေါင်း ၂၈၂ နှစ်သက်တမ်းရှိ အုံတုံပင်(မနောရမ္မာ) ရွှေကျောင်းတော်ကြီး အား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်း

နှစ်ပေါင်း ၂၈၂ နှစ်သက်တမ်းရှိ အုံတုံပင်(မနောရမ္မာ) ရွှေကျောင်းတော်ကြီး အား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သနပ်ပင်အုပ်စု၊ ဗိမ္မာန်မကျေးရွာရှိ မြန်မာနှစ် ၁၁၀၀ ပြည့်(ခရစ်နှစ် ၁၇၃၈)တွင် ဆောက်လုပ်ခဲ့ပြီး

ယခုအချိန်အထိ ၂၈၂ နှစ် သက်တမ်းကြာမြင့်ပြီဖြစ်သည့် အုံတုံပင်(မနောရမ္မာ) ရွှေကျောင်းတော်ကြီးသည်နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွန်မှာကြားချက်နှင့်အညီ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါရွှေကျောင်းတောင်ကြီးကိုထိန်းသိမ်း ဆောင်ရွက်ရာတွင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပခန်းကြီး)မှ တာဝန်ရှိသူများက အဆိုပါ အုံတုံပင် (မနောရမ္မာ) ရွှေကျောင်းတော်ကြီး၌ သတင်းသုံးလျက်ရှိသည့် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇဋိလ ထံသို့ စက်တင်ဘာ ၂၂ ရက်တွင် သွားရောက်၍ ကျောင်းဆောင်အား ရှေးမူမပျက်ပြုပြင်နိုင်ရေး လျှောက်ထားခဲ့ရာ ဆရာတော်က သဘောတူခဲ့ပြီး လိုအပ်သလိုပြုပြင်ဆောင်ရွက်ရန် မိန့်ကြားခဲ့သဖြင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် နယ်မြေခံဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက အောက်တိုဘာ ၆ ရက်မှစ၍ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအနေဖြင့် ရွှေကျောင်းတော်ကြီး၌ ခင်းထားသော ၁ ဒသမ ၅ လက်မထုရှိ ကျွန်းကြမ်းခင်းများ ပျက်စီးဆွေးမြေ့မှုများကို ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်လဲလှယ်ပေးခြင်း၊ ပျက်စီးဆွေးမြေ့ကွဲအက်နေသည့် ထုတ်ယောက်များ၊ အမိုးဒိုင်းမြှားများ၊ တိုင်များနှင့် ကြမ်းခင်းနေရာများ၊ တိုင်ခွာ/တိုင်ကလပ်များကို အသစ် ပြန်လည်လဲလှယ်တပ်ဆင်ပေးခြင်း၊ သစ်သားအမိုးပြားများနှင့် နီညိုရောင်သွပ်အမိုးပြားများအား အသစ်ပြန်လည်အုပ်မိုးပေးခြင်း၊ ဆွေးမြေ့ပျက်စီးလျက်ရှိသည့် သစ်သားနံရံများ၊ တံခါးပေါက်များနှင့် တံခါးရွက်များအား ပြန်လည်လဲလှယ်တပ်ဆင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ရွှေကျောင်းတော်ကြီးအတွင်း ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများထားရှိရန် ရှေးဟောင်းပစ္စည်းတင်စင်များပြုလုပ်ပေးခြင်းနှင့် အလင်းရောင်ရရှိစေရန် မီးဆလိုက်များ တပ်ဆင်ပေးခြင်း၊ ရွှေကျောင်းတော်ကြီး၏ ယာယီလှေကားနေရာအား အုတ်စီ၊ မြန်မာမှုလက်ရမ်းလှေကား ပြုလုပ်ပေးခြင်း၊ ကျောင်းဆောင်အား ရေနံချေးများပြန်လည်သုတ်ပေးခြင်းနှင့် အထွေထွေပြုပြင်ခြင်း များကို ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ နိုဝင်ဘာ ၅ ရက်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတော်ကြီးကို တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ငွေကျပ် သိန်းပေါင်း ၃၇၀ ကျော်အကုန်အကျခံ၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပခန်းကြီး)မှ တာဝန်ရှိသူများနှင့်အတူ ရှေးမူမပျက်ပြန်လည်ထိန်းသိမ်းပြုပြင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းတော်ကြီးရှိ ရှေးဟောင်းမြန်မာ့အနုပညာလက်ရာများကို အများပြည်သူများ သွားရောက်လေ့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

shwe_kyaung_1.jpg

 

shwe_kyaung_2.jpg

shwe_kyaung_3.jpg

 

 

shwe_kyaung_4.jpg

 

shwe_kyaung_5.jpg

 

shwe_kyaung_6.jpg

Transcom News Journal

Read 243 times Last modified on Sunday, 22 November 2020 09:58
Rate this item
(0 votes)