စက်မှုဇုန် ဥပဒေသစ် အကြာင်း သိကောင်းစရာ

စက်မှုဇုန် ဥပဒေသစ် အကြာင်း သိကောင်းစရာ

၂၀၂၀ ခုနှစ် မေလ ၂၆ ရက်တွင် စက်မှုဇုန် ဥပဒေကို ပြဌာန်း လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ အဖြစ် အတည်ပြုပြဌာန်းပေးလိုက်တာ ဖြစ်ပြီး စက်မှုထွန်းကားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများကို စက်မှုဇုန်များ ထူထောင်ပေးခြင်းဖြင့် ဖန်တီးပေးရန် ပြည့်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်တွင်းမှ ရရှိတဲ့ ကုန်ကြမ်းများကို အခြေခံပြီး ထုတ်ကုန် တန်ဖိုး မြှင့်တင်ပေးရန် စတဲ့ ရည်ရွယ်ချယ်များ ထားရှိပါတယ်။

စက်မှုဇုန် ဥပဒေကို ပထမဆုံး ပြဌာန်းခဲ့တာ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေ’ မတိုင်ခင်မှာ စက်မှုဇုန်တွေ ရှိနေနှင့်ပေမဲ့ ဥပဒေပြဌာန်းထားခြင်း တိတိပပ မရှိခဲ့ပါဘူး။ အခုလို ဥပဒေကို ပြဌာန်းလိုက်တာဟာ စက်မှုကဏ္ဍကို အကျိုးပြုပေးဖို့ ဖြစ်ပြီး ၂၀၃၀-၂၀၃၁ မှာ ဂျီဒီပီရဲ့ ၃၇ ရာခိုင်နှုန်းအထိ တိုးစေဖို့ ရည်ရွယ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဂျီဒီပီရဲ့ ၃၂ ရာခိုင်နှုန်း ရှိနေခဲ့ပြီး အလုပ်အကိုင်အရ ကြည့်ရင်တော့ ၁၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၂၀-၂၁ မှာ ခန့်မှန်းထားတာ စက်မှုကဏ္ဍက  ဂျီဒီပီရဲ့ ၃၃ ရာခိုင်နှုန်း ရှိပါလိမ့်မယ်။

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမှာ စက်မှုကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ ရေရှည်တည်တံ့မယ့် စီးပွားရေး အခြေအနေအရပ်ရပ်ကို ထူထောင်ဖို့အတွက်လည်း အရေးပါတဲ့ ကဏ္ဍမှ ပါဝင်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးခြင်းဖြင့်လည်း အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးပါတယ်။

စက်မှုကဏ္ဍမှာ ဘာတွေ အကျုံးဝင်သလဲ

စက်မှုကဏ္ဍမှာ  သယံဇာတတူးဖော်ခြင်း၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ ပြုပြင်မွမ်းမံ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပါဝါ၊ ဆောက်လုပ်ရေး စတာတွေ ပါဝင်ပါတယ်။

စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များ

၁၉၉၅ ခုနှစ်မှာ အစိုးရက မြန်မာ စက်မှုဖွံ့ဖြိုးရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်၊ အဲဒီအဖွဲ့က ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုမှာ စက်မှုဇုန် ၁၈ ခုကို ထူထောင်ခဲ့တယ်။ ဒါပေမဲ့ စက်မှုဇုန်တွေ ထူထောင်တာမှာ စနစ်တကျ လုပ်နည်းကိုင်ဟန်တွေ မရှိခဲ့ပါဘူး။ နေရာတစ်ခုမှာ စက်မှုဇုန် တစ်ခု ထူထောင်တာအတွက် စီးပွားရေးအရ ဖြစ်နိုင်ခြေကို ဆန်းစစ်သုံးသပ်ခြင်းလည်း မရှိခဲ့ပါဘူး။ စည်းမျဉ်းစည်းကမ်း ဥပဒေတွေလည်း စက်မှုဇုန်တွေအတွက် သတ်သတ်မှတ်မှတ် မရှိခဲ့ပါဘူး။  မြန်မာ စက်မှုဖွံ့ဖြိုးရေး ကော်မတီကို စက်မှုဖွံ့ဖြိုးရေး ကော်မတီအဖြစ် အမည်ပြောင်းလဲခဲ့ပြီး စက်မှုဖွံ့ဖြိုးရေူအတွက် ကနဦးလုပ်ဆောင်ချက်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ စိမ်းလန်းသန့်ရှင်းသော စက်မှုလုပ်ငန်းများ မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနဲ့အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

ယခုအခါ မြန်မာနိုင်ငံမှာ စက်မှုဇုန် ၆၀ ခန့်ရှိပြီး ရန်ကုန်မြို့မှာ ၂၉ ခု တည်ရှိပါတယ်၊ အဲဒါအပြင် အထူးစီးပွားရေးဇုန်တွေလည်း ရှိပြီး အတိုကောက်အားဖြင့် Special EconomicZone တွေကို SEZ လို့ လူသိများပါတယ်။ ရခိုင်ပြည်နယ်။ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ SEZ တစ်ခုစီ အသီးသီး တည်ရှိပါတယ်။ SEZ တွေကို အထူးစီးပွားရေးဇုန် ဥပဒေ ပြဌာန်းပေးထားပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ စတင်သက်ရောက်ခဲ့ပါတယ်။ ၂၁၀၄ အထူးစီးပွားရေးဇုန် ဥပဒေဟာ အစောပိုင်းက ပြဌာန်းခဲ့တဲ့ အထူးစီးပွားရေးဇုန် ဥပဒေ နှစ်ရပ်နဲ့ သဟဇာတ ဖြစ်ပြီး ပြင်ဆင်ချက်တွေ ပါဝင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်ပေးဖို့ ကြိုးစားအားထုတ်ပါတယ်။ လက်ရှိအနေအထားမှာ စက်မှုဇုန်တွေရဲ့ အခြေခံအဆောက်အအုံကို ကောင်းမွန်အောင် လုပ်ပေးထားဖို့ လိုအပ်နေတာကြောင့် စက်မှုဇုန်တွေမှာ လုပ်ကိုင်ရတာ ခရီးမပေါက်ဘဲ လျော့နည်းနေပါတယ်။ 

၁၉၉၀ ပြည့်နှစ်လွန်နဲ့ ၂၀၀၀ ပြည့်နှစ်လွန်ကာလတွေမှာ ထူထောင်ပေးခဲ့တဲ့ စက်မှုဇုန်တွေရဲ့ တည်နေရာ အနေအထားအရ သယ်ယူပို့ဆောင်ရေးအပိုင်းအနေဖြင့် အဝေးပြေးလမ်းမကြီးတွေကို အချိတ်အဆက် မရှိတဲ့အပြင် ရထားပို့ဆောင်ရေးကိုလည်း သုံးဖို့ ခဲယဉ်းနေစေပါတယ်။ ဒီတော့ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေစေတယ်။ စက်မှုဇုန် ဖွံ့ဖြိုးမှုမှာ အခက်အခဲတွေကို ရင်ဆိုင်ကြရတယ်။

အဲဒီလို အခြေအနေမျိုးတွေရဲ့ ဆန့်ကျင်ဘက်ကို အထူးစီးပွားရေးဇုန်တွေမှာ တွေ့ရပါတယ်။ အထူးစီးပွားရေးဇုန်မှာ ဧရိယာ ဖွံ့ဖြိုးရေးအတွက် အဖွဲ့အစည်းဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျောထောက်နောက်ခံ ခိုင်မာသေချာတယ်။ သီလဝါ အထူးစီးပွားရေးဇုန်ဆိုရင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉ ခုနှစ် အစောပိုင်းအထိ အမေရိကန်ဒေါ်လာ ၁ . ၅ ဘီလျံ ဆွဲငင်နိုင်ခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေး အချိတ်အဆက်လည်း ပိုကောင်းမွန်ပါတယ်။ ပင်လယ်ကူးသင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ မြစ်ဆိပ်ကမ်း ရှိတယ်။ ပဲခူးမြစ်ကို ဖြတ်သန်းဖို့ တံတားဆောက်လုပ်နေတယ်။

တိုင်းဒေသကြီး အစိုးရအနေဖြင့် စက်မှုဇုန်တွေ ထူထောင်ဖို့ အစီအစဉ် ရှိထားတယ်။ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီကိုလည်း ဖွဲ့စည်းထားတယ်။ ကော်မတီက လုပ်ငန်းလုပ်ဖို့ ပေးထားတဲ့ မြေကွက်တွေကို တကယ်အသုံးပြုရဲ့လားဆိုတာ စစ်ဆေးအတည်ပြုပါတယ်။ အသုံးမပြုတဲ့ မြေကွက်တွေကို ပြန်သိမ်းဖို့ ပြင်ဆင်နေပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ စာရင်းအရ စက်မှုဇုန်မှာ တည်ရှိတဲ့ မြေကွက်တွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ စက်ရုံအလုပ်ရုံတွေ မထူထောင်ထားဘူး။ ဂိုဒေါင်သိုလှောင်ရုံတွေ၊ ခြံစည်းရိုး ကာရံထားရုံသက်သက်တွေ ဖြစ်ကြပါတယ်။

အခုလို အရေးယူဆောင်ရွက်တဲ့အခါ စက်မှုဇုန်တွေရဲ့ မြေကွက်အသီးသီးမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်း အမျိုးအစား အချက်အလက်တွေလည်း ကောက်ခံရရှိလိမ့်မယ်လို့ မှော်မှန်းထားကြတယ်။ 

စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးနဲ့ စီမံခန့်ခွဲမှုအပိုင်းကို ကိုင်တွယ်တော့မယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

စက်မှုဇုန် ဥပဒေ ရည်ရွယ်ချက်များ

  • စက်မှုဇုန်များ ရည်ရှည်ဖွံ့ဖြိုးတိုးတက်စေရန်

  • စက်မှုဇုန်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်

  • စက်မှုဇုန်များကို စနစ်တကျထူထောင်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်စေရန်

  • စက်မှုလုပ်ငန်းများ စက်မှုဇုန်အတွင်း အခြေချလုပ်ကိုင်လာကြစေရန်

  • အလုပ်အကိုင်အခွင့်အလမ်းများ တိုးများလာစေရန်

  • ကွန်ရက်ချိတ်ဆက်မှု ပိုအားကောင်းလာစေရန်

  • အသုံးပြုခြင်း မရှိသော မြေကွက်များကို အကောင်အထည်ဖော် အသုံးပြုစေရန်

စသည့်အချက်များ ပါဝင်ပါတယ်။

စက်မှုဇုန် အဓိပ္ပာယ် သတ်မှတ်ချက်

“စက်မှုဇုန် ဆိုသည်မှာ အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ စက်မှုဇုန်အဖြစ် နယ်နိမိတ်ပိုင်းခြား သတ်မှတ်တည်‌ထောင်ထားသည့်နေရာကို ဆိုသည်” လို့  စက်မှုဇုန်ဥပဒေမှာ အဓိပ္ပာယ် သတ်မှတ်ချက် ပြဌာန်းထားပါတယ်။ 

ရှိရှိသမျှ စက်မှုဇုန်တွေ အကုန်လုံးကို သက်ဆိုင်ရာ ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ အသီးသီးက အုပ်ချုပ်စီမံသွားမှာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ ကော်မတီတွေရဲ့ အထက်မှာ ဗဟိုကော်မတီကို ဖွဲ့စည်းထားရှိပြီး ဒေသဆိုင်ရာ ကော်မတီတွေက အဆိုပြုချက်များ တင်ပြပြီး ဗဟိုကော်မတီရဲ့ အတည်ပြုချက်ကို ရယူပြီး အကောက်အထည်ဖော် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

 စက်မှုဇုန် မြေအသုံးချမှု အင်္ဂါရပ်များ

 စက်မှုဇုန်ဧရိယာအတွက် မြေအသုံးချမှု အင်္ဂါရပ်များကို ရာခိုင်နှုန်း အချိုးအစားများ သတ်မှတ်ထားပါတယ်။

စက်မှုလုပ်ငန်း နယ်မြေ ၆၀ မှ ၇၀ %

ကုန်သွယ်မှု နယ်မြေ ၁ - ၅  %

စက်မှုဇုန် ဝန်ဆောင်မှုနှင့် အထောက်အကူပြု အသုံးချနယ်မြေ ၂၀ - ၂၅ %

စိမ်းလန်းနယ်မြေ ၉- ၁၀ %

ဒေသဆိုင်ရာ ကော်မတီက အရွယ်အစား၊ အမျိုးအစား အဆင့်အတန်း သတ်မှတ်ချက်တို့ကို တိတိကျကျ ဖော်ပြပြီး အဆိုပြုချက်ကို ဗဟိုကော်မတီထံ တင်သွင်းရမှာ ဖြစ်ပါတယ်။

developer တာဝန် နှင့် ရပိုင်ခွင့်များ

ရင်းနှီးတည်ဆောက်သူ developer အနေဖြင့်စက်မှုဇုန် တစ်ခု တည်ထောင်ရန် developer က အကောင်အထည်ဖော်မယ့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ဒေသဆိုင်ရာ ကော်မတီထံ တင်သွင်းရမှာ ဖြစ်ပြီး ဒေသဆိုင်ရာ ကော်မတီက ဗဟိုကော်မတီထံ တင်ပြပြီး အတည်ပြုချက် ရယူမှာ ဖြစ်ပါတယ်။  အတည်ပြုချက် အဆင်ပြေလို့ ရင်းနှီးတည်ဆောက်သူနဲ့ ဒေသဆိုင်ရာ ကော်မတီတို့အကြား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြရမယ်၊ ပြီးတဲ့အခါ ရင်းနှီးတည်ဆောက်သူအနေဖြင့် ဆောက်လုပ်ရေးစီမံကိန်းတိုင်းကို သက်ဆိုင်ရာ စက်မှုဇုန်အတွင်းမှာ အဆိုပြုကာလအတွင်း အပြီးအစီး လုပ်ဆောင်ဖို့ တာဝန် ရှိပါတယ်။ အချိန်မီ ပြီးစီးခြင်း မရှိတဲ့အခါမှာ ခိုင်လုံတဲ့ အကြောင်းပြချက် အထောက်အထား မတင်ပြနိုင်ဘူးဆိုရင် ရင်းနှီးတည်ဆောက်သူ ရရှိထားတဲ့ လုပ်ကိုင်ခွင့် ရုပ်သိမ်းမှာ ဖြစ်ပါတယ်။

စက်မှုဇုန်အတွင်း အကောက်ခွန်ကြီးကြပ်မှု ကုန်လှောင်ရုံစနစ် (Bonded Warehouse System) လုပ်ကိုင်မယ်ဆိုရင် အကောက်ခွန်ဥပဒေပါ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခွင့် ရှိပါတယ်။

စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လို့ ရတဲ့ လုပ်ငန်းတွေကတော့ ကုန်ချောပစ္စည်း၊ ထုပ်ပိုးပစ္စည်း၊ တန်းဖိုးမြှင့် ထုတ်ကုန်၊ ဆက်စပ်ကုန်ပစ္စည်း တို့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နိုင်ပါတယ်။ ကုန်ကြမ်းကုန်ချော သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းတွေ၊ လမ်းပြင်လုပ်ငန်း၊ ထုတ်လုပ်သည့် ထုတ်ကုန်များ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတို့ကိုလည်း လုပ်ကိုင်နိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနဲ့ နှီးနွှယ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံသူဟာလည်း  ရင်းနှီးတည်ဆောက်သူနည်းတူ ဆောက်လုပ်ရေးစီမံကိန်းတိုင်းကို သက်ဆိုင်ရာ စက်မှုဇုန်အတွင်းမှာ အဆိုပြုကာလအတွင်း အပြီးအစီး လုပ်ဆောင်ဖို့ တာဝန် ရှိပါတယ်။ အချိန်မီ ပြီးစီးခြင်း မရှိတဲ့အခါမှာ နောက်ကျကြေးအဖြစ် မြေတန်ဖိုးရဲ့ ၁၀ % ကို ဒဏ်ကြေးပေးဆောင်ရမယ်။ ပျက်ကွက်ရင်  ရင်းနှီးတည်ဆောက်သူ ရရှိထားတဲ့ လုပ်ကိုင်ခွင့် ရုပ်သိမ်းခံရမှာ ဖြစ်ပါတယ်။

မြေငှားရမ်းကာလ

ရင်းနှီးတည်ဆောက်သူဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူဖြစ်စေ သတ်မှတ်ထားတဲ့ မြေငှားရမ်းခ ပေးသွင်းပြီး နှစ်ပေါင်း ၅၀ မြေအသုံးပြုခွင့် ရှိပါတယ်။ သက်တမ်းပြည့်ရင် တစ်ကြိမ်လျှင် တစ်ဆက်တည်း ၁၀ နှစ်ဖြင့် ၂ ကြိမ် ဆက်တိုက် သက်တမ်းတိုးခွင့် ရှိပါတယ်။ 

မက်လုံးများ

ရင်းနှီးတည်ဆောက်သူဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူဖြစ်စေ သတ်မျတ်ကာလအပိုင်းအခြားအတွင်း အခွန်ကင်းလွတ်ခွင့်ကဲ့သို့သော ဆွဲဆောင်မှု မက်လုံးများ ရရှိနိုင်ပါတယ်။ 

ဖွံ့ဖြိုးမှုအားနည်းသော အရပ်ဒေသများ၊ အလုပ်အကိုင်အခွင့်လအမ်း နည်းပါးသော အရပ်ဒေသများရှိ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်း၊

စိုက်ပျိုးရေးကဏ္ဍ ထွက်ကုန်များကို တန်ဖိုးမြှင့် ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ခြင်း၊ လယ်ယာသုံး စက်ပစ္စည်းကိရိယာ အမျိုးမျိုး ထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့် ပြည်ပပို့ကုန်အဖြစ် တီထွင်ဆန်းသစ် ထုတ်လုပ်ခြင်းတို့အတွက် အထူးခံစားခွင့်များ ရရှိနိုင်သည်။

အချုပ်အားဖြင့် ဆိုရသော် စက်မှုဇုန်များကို ဥပဒေ ပြဌာန်းပေးထားပြီး လုပ်ထုံးလုပ်နည်းများကိုပါ ပြဌာန်း ပေးပြီးပါက ပြည်တွင်းအင်အားစုဖြင့် ထူထောင်ထားသော စက်မှုဇုန်များအတွက် အလားအလာကောင်းများ ဖြစ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်မိသည်။ ကျူးကျော်ကိစ္စကဲ့သို့သော ပြဿနာများကိုလည်း ဥပဒေနှင့်အညီ ကိုင်တွယ်ပေးလိမ့်မည်ဟုလည်း မျှော်လင့်ရပေသည်။ 

 စက်မှုဇုန် ဥပဒေ အပြည့်အစုံ 

ကိုးကား Charltons Myanmar Law update

Read 1852 times
Rate this item
(0 votes)